14.1.14

အမေရိက ရဲ့ အထူးဆန်းဆုံး ဥပဒေများ

အမေရိကအနှံ့က ပြည်နယ်နဲ့မြို့ အတော်များများမှာ ၀က်ဝံနပန်းလုံးတာနဲ့ပတ်သက်တဲ့ ဥပဒေကစပြီး ရှေးရိုးစွဲ ဥပဒေတွေရှိနေပါတယ်။ တချို့ဥပဒေတွေဆိုရင် ၁၈၀၀ပြည့်လွန်နှစ်တွေဆီ ကို ခေတ်နောက်ပြန်ဆွဲနေသလိုပါပဲ။ အဲ့ဒီ့ဥပဒေတွေကို နဂိုကတည်းက ယုတ္တိရှိမရှိ ဘာလို့များ မစဉ်းစားခဲ့ကြတာလည်းဆိုတာ မတွေးနိုင်တော့ပါဘူး။


ဝက်ဝံနပန်းမလုံးရ။

ဝက်ဝံတွေကိုအသုံးချပြီး ၀က်ဝံနပန်းပွဲကျင်းပရင် ဒါကြီးလေးတဲ့ ပြစ်မှုပါပဲ။ ၀က်ဝံနပန်းပွဲဟာ တချို့အတွက် အပန်းဖြေရာဖြစ်ပေမဲ့ လူသားမဆန်မှုလို့ ဝေဖန်ခံရတဲ့အတွက် အမေရိကန် တောင်ပိုင်းပြည်နယ်တွေမှာ တားမြစ်ထားပါတယ်။ တခြားလွတ်ပေါက်လည်း ရှာလို့မရပါဘူး။ ၀က်ဝံ အရောင်းအ၀ယ်၊ ၀က်ဝံနပန်းပွဲကို အားပေးအားမြောက်လုပ်တာ၊ ၀က်ဝံတစ်ကောင်ကို ခွဲစိတ်ပြီး အသွင်သဏ္ဍာန်ပြောင်းတာ (လက်သည်းဖြုတ်တာ၊ အမာရွတ်ဖျောက်တာ) စတာတွေကိုလည်း တားမြစ်ထားပါတယ်။ သနားစရာ ၀က်ဝံကို ဆေးကုပေးတာကအစ၊ Alabama ဥပဒေပုဒ်မ 13A-12-5 နဲ့ ညိပါတယ်။

ဘုန်းကြီးအဖြစ် ဟန်မဆောင်ရ။

ဝက်ဝံ နပန်းလုံးတာတင် မပြီးသေးပါဘူး။ Alabama မှာ ခရစ်ယာန်ဘုန်းကြီးအဖြစ် ဟန်ဆောင်ခြင်းကိုလည်း တားမြစ်ထားပါတယ်။ ဘယ်ဘာသာရေးနဲ့မဆို သက်ဆိုင်ရာ ဘုန်းကြီး၊ သီလရှင်အဖြစ် ဟန်ဆောင်မယ်ဆိုရင်တော့ Alabama ဥပဒေပုဒ်မ 13-A-14-4 နဲ့ညိပါလိမ့်မယ်။ ဟောလိုးဝင်း ၀တ်စုံတွေ ၀တ်မယ်ဆိုရင်တော့ အချိန်ယူစဉ်းစားဖို့ လိုပြီပေါ့။

ဘောင်းဘီ ဖင်လျှော မ၀တ်ရ။

ပြီးခဲ့တဲ့နှစ် အနည်းငယ်တုန်းက လူငယ်တွေ ဘောင်းဘီ ခါးလျှော ၀တ်တဲ့ ဖက်ရှင်တွေ ခေတ်စားတာကို မှတ်မိပါသေးလား။ Michigan ပြည်နယ်၊ Flint မြို့မှာ အဲ့ဒီ့လိုဖက်ရှင်နဲ့ လျှောက်သွားရင်တော့ ထောင်ထဲသွားရပါလိမ့်မယ်။ ၂၀၀၈ခုနှစ်မှာ Flint မြို့ရဲမှူး David Dicksဟာ ဘောင်းဘီ ဖင်လျှောဖက်ရှင် ၀တ်စားထားတဲ့သူတွေကို စပြီး လိုက်လံဖမ်းဆီးခဲ့ပါတယ်။ ဘောင်းဘီဖင်လျှော ၀တ်ရင် ထောင် ၉၃ရက် ကျခံရမှာဖြစ်ပြီး ဒဏ်ကြေးငွေအဖြစ် ကန်ဒေါ်လာ ၅၀၀ ပေးဆောင်ရပါလိမ့်မယ်။ ဒီဥပဒေဟာ လူတွေရဲ့ လွတ်လပ်စွာဖော်ပြခွင့်ဆိုတာကို ထိပါးနေတယ်ဆိုပြီး အမေရိကန်ပြည်သူ့လွတ်လပ်ရေးအသင်း က အဲ့ဒီ့ဥပဒေကို ဝေဖန်ပြစ်တင်ထားပါတယ်။

တနင်္ဂနွေနေ့မှာ ကားမ၀ယ်ရ၊ မြင်းပွဲမလုပ်ရ။

အမေရိက ပြည်နယ်တချို့မှာ ၁၈ရာစုနဲ့ ၁၉ရာစုတွေတုန်းက သတ်မှတ်ခဲ့တဲ့ “အပြာရောင် ဥပဒေ” တွေရှိနေတုန်းပါ။ ဘာသာရေး အားပေးဖို့အတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။ ပြည်နယ်တော်တော်များများမှာ တိကျတဲ့ အချိန်ကာလ၊ နေ့ရက်တွေမှာ အရက်ရောင်းခြင်းကို တားမြစ်ထားပါတယ်။ Illinois ပြည်နယ်မှာ တနင်္ဂနွေနေ့ဆို ကားမ၀ယ်ရပါဘူး။ အဲ့ဒီ့အပြင် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုမိန့်မပါဘဲ တနင်္ဂနွေနေ့မှာ မြင်းပြိုင်ပွဲ မလုပ်ရပါဘူး။
သူငယ်ချင်းကို ပီဇာပို့ပြီး နောက်ပြောင် ကျီစယ်ခြင်းမပြုရ။
Louisiana ပြည်နယ်ထုတ် ဥပဒေအမှတ် 14:68.6 အရ သင်ဟာ ကုန်ပစ္စည်းမှာပြီး အဲ့ဒီ့ပစ္စည်းတွေကို ကိုယ်ပို့ချင်တဲ့သူ မသိဘဲနဲ့ ပို့ခွင့်မရှိပါဘူး။ စချင် ပြောင်ချင်လို့ပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက် ဖြစ်စေချင်လို့ပဲဖြစ်ဖြစ် သူမသိဘဲနဲ့ ပို့ခဲ့မယ်ဆိုရင် သင့်ရဲ့စရိတ်နဲ့ဘဲ သင့်ဆီပြန်ပို့ခွင့်ရှိပါတယ်။ အဲ့ဒီ့လိုလုပ်ခဲ့မယ်ဆိုရင်တော့ ပြောစရာတောင်မလိုပါဘူး၊ ဒဏ်ငွေ ကန်ဒေါ်လာ ၅၀၀၊ ဒါမှမဟုတ် ထောင်ဒဏ် ၆လ ကျခံရကိန်းရှိပါတယ်။

Ref:takepart
Trend Myanmar

0 comments:

Post a Comment