14.1.14

အိန္ဒိယ-မြန်မာ နယ်စပ် လုံခြုံရေး MoU ကိစ္စ တပ်မတော်ကို တာဝန်ပေးရန် အစိုးရစီစဉ်



မြန်မာ- အိန္ဒိယ နှစ်နိုင်ငံနယ်စပ် လုံခြုံရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ ( MoU ) ရေးထိုးရေးအတွက် တပ်မတော်ကို တာဝန်ပေးအပ်ရန် စီစဉ်ထားကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ သဝဏ်လွှာ ပေးပို့သည်။

အဆိုပါ နားလည်မှု စာချွန်လွှာတွင် နှစ်နိုင်ငံ နယ်နိမိတ် တစ်လျှောက် တည်ငြိမ်အေးချမ်းမှု ရရှိရန်၊ အကြမ်းဖက် တိုက်ခိုက်မှု၊ တရားဝင် လက်နက် ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူကုန် ကူးမှုနှင့် တရားမဝင် ကုန်သွယ်မှုများကို ညှိနှိုင်း တိုက်ဖျက်ရန်နှင့် နယ်စပ်လုံခြုံရေး ဆိုင်ရာ ကိစ္စများတွင် နှစ်နိုင်ငံ တပ်မတော်များ အကြား ပူးပေါင်း ဆောင်ရွက်ရန် စသည့် အချက်များ ပါဝင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

အဆိုပါ နားလည်မှုစာချွန်လွှာ ရေးထိုးရေး ကိစ္စကို တပ်မတော်သို့ တာဝန်ပေးအပ်ရန် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် တပ်မတော်သား ကိုယ်စားလှယ်များ ညှိနှိုင်းမှု ပြုလုပ်ပြီး ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီဝင်များက ဆိုသည်။

ထို့ပြင် နယ်စပ်ဒေသတွင် သတင်းဖလှယ်ခြင်းနှင့် ဟန်ချက်ညီ ကင်းလှည့် ဆောင်ရွက်ရန်နှင့် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်ကို နှစ်ဦးနှစ်ဖက် လေးစားလိုက်နာ ရန် စသည့် အချက်များကို ထည့်သွင်းထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

သမ္မတ၏ သဝဏ်လွှာပါ အကြောင်းအရာများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်မှု မရှိသောကြောင့် ပြည်ထောင်စုလွှတ်တော်က အတည် ပြုသင့်သည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ထောက်ခံ တင်ပြသည်။

စာချွန်လွှာပါ အကြောင်းအရာများကို တိကျသေချာမှု ရှိစေရန် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုးသွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ရှင်းပြသည်။

အဆိုပါ ကိစ္စကို ဇန်နဝါရီလ ၁၇ ရက် နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်က ကြေညာသည်။

မြန်မာ-အိန္ဒိယ နယ်စပ်သည် ဘင်္ဂလားဒေ့ရှ်မှ တရုတ်နိုင်ငံ အထိ ၉၀၃ မိုင် ရှည်လျားပြီး နယ်စပ်ကျောက်တိုင် အမှတ် BP ၆၆၊ ၇၆၊ ၇၈၊ ၈၉ မှ ၉၄ အထိ နှစ်နိုင်ငံကြား အငြင်းပွားမှုများ ရှိနေသေးကြောင်း တမူးခရိုင်မှ နှစ်နိုင်ငံ နယ်စပ်သတ်မှတ်ရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောလင်းက ဆိုသည်။

အဆိုပါ ကျောက်တိုင်အမှတ် နယ်မြေများတွင် အိန္ဒိယနိုင်ငံဘက်မှ နယ်မြေ ကျူးကျော်မှုများ ရှိနေသောကြောင့် မြန်မာနိုင်ငံဘက်မှ ကန့်ကွက်စာ (၁၁) ကြိမ် ပို့ထားခဲ့ကြောင်း ၎င်းက ပြောဆိုထားသည်။

The Voice Weekly

0 comments:

Post a Comment