16.1.14

တနင်္သာရီတိုင်းတွင် အရက်၊ ဘီယာတရားဝင်တင်သွင်းခွင့်ကို မူအားဖြင့် သဘောတူကြောင်း စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ပြောကြား

တနင်္သာရီတိုင်းဒေသကြီးမှ အရက်ဘီယာတရားဝင် တင်သွင်းခွင့်မကြာမီရရှိတော့မည်ဖြစ်ကြောင်း အရက်ဘီယာများ တင်သွင်းခွင့်ကို မူအားဖြင့် သဘောတူကြောင်း သွင်းကုန်လိုင်စင်များ သက်တမ်းတိုး ဆောင်ရွက်ရာတွင် မြိတ်မြို့၌ သက်တမ်းတိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဇန်န၀ါရီ ၁၄ ရက်က မြိတ်မြို့၊ ပုလဲရတနာခန်းမ ၌ ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။


စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ ကော့သောင်းနှင့် မြိတ် ခရီးစဉ်များအတွင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး ဇန်န၀ါရီ ၁၄ ရက်တွင် မြိတ်မြို့ရှိ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများကို ထပ်မံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြိတ်ရွှေပင်ကုမ္ပဏီမှ ဦးသန်းမြင့်နှင့် မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းထွန်းက နိုင်ငံခြားဖြစ် အရက်ဘီယာ ၊ စီးကရက်များတင်သွင်းမှုနှင့် ပတ်သက်ပြီး တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တရားဝင်ခွင့်ပြုချက် မကြာမီ ပေးသွားမည်ဖြစ်ပြီး ယခုအစည်းအဝေးတွင် မူအားဖြင့် သဘောတူကြောင်းပြောကြားခဲ့သည်။

“အရက်ဘီယာ တင်သွင်းခွင့်ပေးမယ်။ မူအားဖြင့် ကျွန်တော်သဘောတူတယ်။ မကြာခင် တရားဝင်တင်သွင်းခွင့် ပေးသွားမှာပါ။ ဒါပေမဲ့ ကိုယ်စားလှယ်နှင့် လုပ်ကိုင်ရမယ်။ မိမိနယ်ထဲမှာ အရက်ဘီယာနှင့် ပတ်သက်ပြီး အတုတွေ ထွက်ပေါ်လာတာတွေ၊ တရားမ၀င်တင်သွင်းလာတာတွေကို တာဝန်ယူနိုင်ရမယ်။ ဌာနဆိုင်ရာတွေနှင့် ပြည်ထဲရေးဝန်ကြီးဌာနအစုံနဲ့ ကျွန်တော်တို့ဆောင်ရွက်မယ်။ စီးကရက်ကိုတော့ တင်သွင်းခွင့်ပြုမှာ မဟုတ်သေးပါဘူး။ ကျွန်တော်စဉ်းစားဦးမယ်” ဟု ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် က ပြောကြားသည်။

အရက်ဘီယာ၊ စီးကရက်များ တင်သွင်းရာတွင် လိုင်စင်မရှိသော်လည်း ဈေးကွက်အတွင်း အရက်မျိုးစုံနှင့် ဘီယာများရောက်ရှိနေကြောင်း တရားမ၀င်လမ်းကြောင်းများဖြင့် တင်သွင်းလာသည့်အတွက် အခွန်များလည်း မရရှိသောကြောင့် လိုင်စင်ဖြင့် တရားဝင်တင်သွင်းခွင့်ရရှိရန် တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တရားဝင်တင်သွင်းခွင့် မကြာမီခွင့်ပြုပေးမည်ဖြစ်ပြီး ယခုမူအားဖြင့် သဘောတူကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Eleven Media Group

0 comments:

Post a Comment