6.1.14

ကျိုက်ထီးရိုးတောင်တက် အထမ်းသမား ၁၀၀၀ ကျော်နှင့် ဈေးဆိုင်များ ဝင်ငွေ ၈၀ ရာခိုင်နှုန်းကျဆင်း

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး ရင်ပြင်တော်သို့ နှစ်လမ်းမောင်း တောင်တက် ကားလမ်း ဖောက်လုပ်ပြီး နောက်ပိုင်း ရသေ့တောင်နှင့် ကျိုက်ထီးရိုး ရင်ပြင်တော်အကြား လုပ်ကိုင်နေကြသည့် ခြေလျင် တောင်တက် အထမ်းသမား ၁၀၀၀ ကျော်နှင့် စားသောက်ဆိုင်များ၏ ဝင်ငွေမှာ ၈၀ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း ရသေ့တောင်ရှိ အမေ့ရိပ် လက်ဖက်ရည်ဆိုင်မှ ဒေါ်သန္တာက ပြောကြားသည်။


“အရင်ကတော့ နိုင်ငံခြားသားတွေကို ရသေ့တောင်ထိပဲ ကားစီးခွင့် ပေးထားတော့ နည်းနည်း အဆင်ပြေသေးတယ်၊ အခုဆို ရသေ့တောင်မှာ ဆင်းတဲ့သူတွေက မရှိသလောက် နည်းသွားပြီဆိုတော့ တော်တော့ကို အခက်ကြုံတယ်၊ အရင်ကဆို တစ်နေ့ နှစ်သိန်းခွဲလောက် ရောင်းရတယ်၊ ဒီ ၂၀၁၃ ဆယ်လပိုင်းကစပြီး တစ်နေ့ နှစ်သောင်းလောက်ပဲ ရောင်းရတော့တယ်၊ အဲ့ဒီနှစ်သောင်းတောင် အပြင်ခရီးသည် စားတာ မဟုတ်ဘူး၊ အထမ်းသမားတွေ စားကြလို့ရတာ” ဟု ရသေ့တောင်ရှိ အမေ့ရိပ် လက်ဖက်ရည်ဆိုင်မှ ဒေါ်သန္တာက ဆိုသည်။

တောင်တက် အထမ်းသမားသည် အထမ်းမရှိသည့် နေ့များတွင် တောင်ပေါ်တွင် ဆေးမြစ်တူးခြင်း၊ ဝါးများခုတ်ပြီး ကျိုက်ထီးရိုးသေနတ်များ လုပ်ရောင်းခြင်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြရသော်လည်း ကျိုက်ထီးရိုး တောင်ပေါ်တွင် ကုန်ဈေးနှုန်း မြင့်မားသဖြင့် မိသားစုများအတွက် လုံလောက်သည့် ဝင်ငွေများ မရရှိကြောင်း အထမ်းသမားဘဝမှ ကျိုက်ထီးရိုး သေနတ်လုပ်၍ အသက်မွေးဝမ်းကြောင်း ပြုနေသူ ဦးစန်းထွန်းက ပြောကြားသည်။

ကျိုက်ထီးရိုးဘုရား ပရိဝုဏ်ရှိ ရသေ့တောင်တွင် အထမ်းသမားဦးရေ ၁၁၆၃ ဦးရှိရာ အထမ်းသမားအုပ်စု နှစ်စုခွဲထားကာ တစ်ရက်ခြားစီ လုပ်ကိုင်ရကြောင်းနှင့် ခြေလျင်တောင်တက် အထမ်းသမားများတွင် အမျိုးသမီး အထမ်းသမား ၂၄၇ ဦး ပါဝင်ကြောင်း ကျိုက်ထီးရိုး ခြေလျင်တောင်တက် အထမ်းသမား ခေါင်းဆောင် ဦးသံချောင်းက ဆိုသည်။
“ဒီနှစ် ဒီဇင်ဘာပွဲတော် ချိန်တောင် တစ်နေ့အထမ်း ၅၀ တောင် မပြည်တော့ဘူး။ ပွဲတော်မရှိတဲ့ ကြားရက်တွေဆို တစ်ဖွဲ့လုံးမှ အထမ်း ၂၀ ကျော် လောက်ပဲရတယ်။ အထမ်းသမား အဖွဲ့တစ်ဖွဲ့မှာ ပစ္စည်းအထမ်းသမား ၂၅၀ ကျော် ရှိတယ်။ လူအထမ်းသမား ၃၀၀ ကျော်ရှိတယ်။ အခုဆို ငါးရက်လောက်စောင့်မှ အထမ်းတစ်ထမ်းပဲ ရတော့တယ်” ဟု အထမ်းသမား မကြေးဥက ဆိုသည်။

ရသေ့တောင်မှ ကျိုက်ထီးရိုး ရင်ပြင်တော်ထိ ပစ္စည်းအထမ်း တစ်ထမ်းလျှင် ၃၀၀၀ ကျပ်ရရှိပြီး အသက် ၇ နှစ်အထက် လူအထမ်းတစ်ထမ်းလျှင် ငွေ ၈၀၀၀ ကျပ် ရရှိကြောင်း၊ ယင်းလုပ်အားခထဲမှ ၃ ရာခိုင်နှုန်းကို ကျိုက်ထီးရိုး စေတီတော်တွင် လှူဒါန်းရပြီး အလုပ်သမား သာရေးနာရေးအတွက် ၂ ရာခိုင်နှုန်းကို စုဆောင်းငွေအဖြစ် သတ်မှတ်ထားသည့်အပြင် နောက်ထပ် ၂ ရာခိုင်နှုန်းကို အလုပ်သမား အုပ်စုကို ကြီးကြပ်ပေးသည့် အထမ်းသမား ခေါင်းဆောင်များအတွက် လစာအဖြစ် ပေးဆောင်ရကြောင်း ကျိုက်ထီးရိုး ရင်ပြင်တော်မှ အထမ်းသမားများက ဆိုကြသည်။

ကျိုက်ထီးရိုး ဘုရားသို့ လာရောက်ကြသော ဘုရားဖူးများ အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် တောင်တက် မော်တော်ယာဉ်အသင်းမှ ယာဉ်များကို ကင်းမွန်းစခန်းမှ ရသေ့တောင်အထိ ပြေးဆွဲသော ယာဉ်နှင့် ရင်ပြင်တော်အနီးအထိ ပြေးဆွဲသော ယာဉ်ခရီးစဉ် နှစ်မျိုး စီစဉ်ပေးထားကြောင်း တောင်တက် မော်တော်ယာဉ်အသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရသေ့တောင်က လမ်းဆင်းလျှောက်ချင်တဲ့သူက ရသေ့တောင်ကား စီးနိုင်ပြီး ရင်ပြင်တော် အနီးအထိ လိုက်မယ့်သူက ရင်ပြင်တော်အနီး ကားကို စီးနိုင်အောင် လုပ်ပေးထားပါတယ်။ ဘုရားဖူးတွေ အများစုက ရင်ပြင်တော်အနီး ရောက်တဲ့ကားကို စီးကြပါတယ်။ အထမ်းသမားတွေ ပိုက်ဆံရအောင် ဘုရားဖူးတွေကို ရသေ့တောင်အထိ ပို့ပေးမယ်ဆိုရင် နယ်အဝေးကြီးကနေ အပင်ပန်းခံလာရတဲ့ ဘုရားဖူးတွေကို စော်ကားရာ ကျပါတယ်။ ဥပမာပေးရရင် မြင်းလှည်းသမားတွေ၊ ဆိုက်ကားသမားတွေ အဆင်ပြေအောင် ဆိုင်ကယ် Taxi တွေ ရပ်ထားရမလို့ ဖြစ်နေတယ်။ ဘုရားဖူးတွေ အဆင်ပြေလွယ်ကူ သွားနိုင်ဖို့က ပိုပြီး အရေးကြီးပါတယ်။ နောင်ကျရင် ကောင်းကင် ရထားပေါ်လာရင် တောင်တက်ကားတွေ ပျောက်သွားမှာပါ” ဟု တောင်တက် မော်တော်ယာဉ်အသင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားည်။

ကျိုက်ထီးရိုး စေတီတော်သို့ ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားသား ၆၅၇၈၈ ဦး ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ နိုင်ငံခြားသား ခရီးသွား ရှစ်သောင်းကျော် လာရောက်ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment