6.1.14

ဘင်္ဂလားဒေ့ရှ်တွင် အတိုက်အခံများက မဲရုံများကို တိုက်ခိုက်၊ ၁၁ ဦးသေဆုံး

အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပလျက်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အတိုက်အခံပါတီကို ထောက်ခံသူများက မဲဆန္ဒရုံများကို တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။


ဇန်နဝါရီလ ၅ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ညနေ ၄ ရီအထိ ကျင်းပမည့် ဘင်္ဂလားဒေ့ရှ် အထွေထွေ ရွေးကောက်ပွဲကို အတိုက်အခံ ပါတီဝင်များက အပုပ်နံ့လှိုင်သော အဓိပ္ပာယ်မဲ့ ရွေးကောက်ပွဲဟု အမည်ပေးကာ သပိတ်မှောက်ခဲ့ပြီး ၎င်းတို့ကို ထောက်ခံသူများက မဲဆန္ဒရုံများကို မီးလောင်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြသည်။

အတိုက်အခံများသည် ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းမှ စတင်ကာ မဲရုံများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယနေ့မနက် အစောပိုင်းထိ မဲရုံပေါင်း ၁၀၀ ကျော် အတိုက်အခိုက် ခံခဲ့ရကာ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲဝန်ထမ်းများလည်း တိုက်ခိုက် ခံခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြော ကြားသည်။

အတိုက်အခံများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ပဋိပက္ခ ဖြစ်ပွားမှုမှာ ပါတီ၏ အမာခံ နယ်မြေဖြစ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံမြောက်ပိုင်း ဘိုဂရာခိုင်တွင် အပြင်းထန်ဆုံး ဖြစ်သည်။

“အတိုက်အခံတွေက မဲရုံ အများအပြားနဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကို ဓာတ်ဆီပုလင်း ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်” ဟု ဘိုဂရာခရိုင် ရဲတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ ဆိုင်ယက် အဘူဆာယမ်က ပြောကြားသည်။

အတိုက်အခံများ၏ ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် ရွေးကောက်ပွဲ တာဝန်ခံ အရာရှိတစ်ဦး သေဆုံးခဲ့ရသလို ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်သူ သုံးဦးလည်း သေဆုံးခဲ့ရသည်။

အတိုက်အခံများက ရွေးကောက်ပွဲ ပျက်သွားစေရန်အတွက် နေရာ အနှံ့အပြားတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ယခုရွေးကောက်ပွဲတွင် မဲပေးမည့်သူ အရေအတွက်မှာ မဲပေးခွင့်ရှိသူ ဦးရေ၏ ၂၆ ရာခိုင်နှုန်းသာ မဲပေးခဲ့သော ၁၉၉၆ ခုနှစ် ရွေးကောက်ပွဲထက်ပင် လျော့နည်းနိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မဲဆန္ဒနယ် ၃၀၀ ရှိသည့် အနက်မှ ၁၄၇ နေရာ၌သာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ကျန် ၁၅၃ နေရာတွင် ဝန်ကြီးချုပ် ရှိတ်ခ်ဟက်ဆီနာ၏ ပါတီဖြစ်သော Awami League မှ အမတ်လောင်းများက ပြိုင်ဘက် မရှိ အနိုင်ရပြီးနေပြီ ဖြစ်သဖြင့် ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရပါတီကသာ အနိုင်ရမည်မှာ သေချာလျက်ရှိသည်။

နိုင်ငံရေးပါတီ ၂၁ ခုအနက်မှ အဓိက အတိုက်အခံ ပါတီဖြစ်သော Bangladesh Nationalist Party (BNP) ပါတီက ယခုရွေးကောက်ပွဲကို အပုပ်နံ့လှိုင်သော အဓိပ္ပာယ်မဲ့ ရွေးကောက်ပွဲဟု အမည်တပ် ကာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆဲ ကာလကတည်းကပင် ဆန့်ကျင် သပိတ်မှောက်ခဲ့ကြသည်။

ထို့ကြောင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာ ဆီနာ၏ အစိုးရအဖွဲ့က လွန်ခဲ့သော တစ်ပတ်ကပင် ပါတီခေါင်းဆောင် ခါလီဒါဇီယာကို နေအိမ် အကျယ်ချုပ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင် အစောင့်များ ချထားခဲ့သည်။

ကြားနေ အဖွဲ့အစည်းတစ်ခုခုက တာဝန်ယူ ကျင်းပမပေးဘဲ လက်ရှိ ဝန်ကြီးချုပ် ဟာဆီနာ၏ ကြီးကြပ်မှုအောက်တွင် ကျင်းပနေသရွေ့ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဟု အတိုက်အခံ ခေါင်းဆောင် ခါလီဒါဇီယာက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် လွတ်လပ်ရေး ရပြီးသည့် အချိန်မှစ၍ နိုင်ငံရေး မတည်ငြိမ်မှုများစွာနှင့် ကြုံတွေခဲ့ရပြီး လက်ရှိ အချိန်ထိ အာဏာသိမ်းမှု အကြိမ် ၂၀ နီးပါး ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment