10.1.14

ဆေးလိပ်သောက်သုံးမှု ကမ္ဘာလုံး အတိုင်းအတာဖြင့် မြင့်တက်

ဆေးလိပ် သောက်သုံးမှုသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သော အလေ့အထ တစ်ခုအဖြစ် နိုင်ငံအတော်များများတွင် အသိအမှတ်ပြု လက်ခံလာကြသော်လည်း မကြာသေးခင် ကထွက်ပေါ်လာသော ကိန်းဂဏန်းသစ်များအရ ကမ္ဘာပေါ်တွင် ဆေးလိပ် သောက်သုံးသူ ဦးရေမှာ တိုးပွားလာလျက် ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။


အမေရိကန်ပြည်ထောင်စု ဝါရှင်တန် တက္ကသိုလ် ကျန်းမာရေးနှင့် ကျန်းမာရေး လေ့လာ စောင့်ကြည့်မှုဆိုင်ရာ အင်စတီကျု (SME) က ပြုလုပ်သော သုတေသန အစီရင်ခံစာအရ ဆေးလိပ်သောက်သည့် အလေ့အထသည် ကျန်းမာရေးကို အလွန်အမင်း ဆိုးရွားစွာ ထိခိုက်စေသည့် အလေ့အထ တစ်ခုအဖြစ် သတ်မှတ်ခံရကာ လူကြိုက်များမှု နည်းပါးလာသော်လည်း ဆေး လိပ်သောက်သူ ဦးရေမှာမူ တိုးမြင့်လျက် ရှိသည်ဟု သိရသည်။

၁၉၈၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်မည် ဆိုပါက ထိုနှစ်က ကမ္ဘာတစ်ဝန်းတွင် တစ်နေ့လျှင် ဆေးလိပ်သောက်သူ ၇၂၁ သန်းရှိခဲ့ပြီး ကုန်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင်မူ ဆေးလိပ်သောက်သူဦးရေ ၉၆၇ သန်းထိ ရှိလာခဲ့သည်။

ကမ္ဘာ့ လူဦးရေသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကာလအတွင်း သန်းခုနစ်ထောင်အထိ တိုးမြင့်လာသလို ဆေးလိပ်သောက်သူ ဦးရေမှာလည်း တိုးမြင့်လာသည်ဟု သုတေသီများက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် ရုရှား အပါအဝင် နိုင်ငံကြီး အတော်များများတွင် လတ်တလော နှစ်များအတွင်း ဆေးလိပ် သောက်သူဦးရေ မြင့်တက်လာသည်ကို တွေ့ရသည်ဟု သုတေသန စစ်တမ်း၌ ပါဝင်သည့် ကိန်းဂဏန်းများက ဆိုသည်။

သို့သော်လည်း ကမ္ဘာ့လူဦးရေ၏ အချိုးအရ ဆိုပါက ဆေးလိပ်သောက်သူ အချိုးအစားမှာ လျော့နည်းလာသည်ဟု စစ်တမ်းက ဖော်ပြသည်။

ပြီးခဲ့သည့် ၁၉၈၀ ပြည့်နှစ်က အမျိုးသား ၁၀ ဦးလျှင်လေးဦး (၄၁ရာခိုင်နှုန်း)၊ အမျိုးသမီး ၁၀ ဦးလျှင်တစ်ဦး (၁၀ ရာခိုင်နှုန်း) ခန့် ဆေးလိပ် သောက်သုံးခဲ့ကြသော်လည်း ၂၀၁၂ ခုနှစ်တွင် အမျိုးသား ၁၀ ဦးလျှင်သုံးဦး (၃၁ရာခိုင်နှုန်း)၊ အမျိုးသမီး ၂၀ ဦးလျှင်တစ်ဦး (၆ရာခိုင်နှုန်း) ဆေးလိပ် သောက်ကြသည်ကို တွေ့ရသည်။

လက်ရှိ ကမ္ဘာ့နိုင်ငံများအနက် ဆေးရွက်ကြီး သုံးစွဲမှုနှုန်း အမြင့်ဆုံးနိုင်ငံမှာ အရှေ့တီမော ဖြစ်ပြီး ယင်းနိုင်ငံ၏ ၆၁ ရာခိုင်နှုန်းသည် နေ့စဉ် ဆေးလိပ် သောက်သုံးလျက် ရှိသည်ဟု စစ်တမ်းက ဆိုသည်။
“ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ တိုးတက် ဖြစ်ထွန်းမှုတွေ ရှိအောင် လုပ်ဆောင် နိုင်ခဲ့ပေမယ့်လည်း နောက်ထပ် လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်” ဟု ခေါင်းဆောင် သုတေသီ ဒေါက်တာခရစ္စတိုဖာမူရေးက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကမူ စီးကရက်အခွန်များ တိုးမြှင့်ကောက်ခံရေး၊ ဆေးလိပ်ငွေ့ ကင်းစင်ရေး ဥပဒေ အစရှိသည့် မူဝါဒများကို ဆက်လက်တိုးမြှင့် လုပ်ဆောင်သွားပါမှ လူသန်းပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်မည်ဟု သုံးသပ် ပြောကြားထားသည်။

The Voice Weekly

0 comments:

Post a Comment