16.2.14

လက်ရှိနိုင်ငံရေးအခြေအနေထက် ပိုမိုကောင်းမွန်အောင် ရှေ့သို့သာချီတက်လျှောက်လှမ်းမည်


လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဖေဖော် ဝါရီ ၁၄ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် လာအိုသမ္မတနန်းတော်၌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမတ္တ H.E.Mr. Choummaly SAYASONE အား သွားရောက်တွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်၊ ဗိုလ်ချုပ်မြထွန်းဦး၊ စစ်ဦးစီးအရာရှိချုပ်(ရေ)ဗိုလ်ချုပ်တင်အောင်စန်း၊ စစ်ဦးစီးအရာရှိချုပ်(လေ)ဗိုလ်ချုပ်လွင်ဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတကနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် မြန်မာပြည်သူပြည်သားများ ကျန်းမာပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်းပါကြောင်း၊ ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်အတွင်း လာအို နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာမှုကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်အကြီးအကဲများ၊ အပြန်အလှန် လည်ပတ်မှု အမြဲတမ်းရှိနေသော အိမ်နီးချင်းနိုင်ငံများဖြစ်ပါကြောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တက်ရောက်စဉ် မိမိအား နွေးထွေးစွာကြိုဆိုခဲ့ကြသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်းလုံးညီညွတ်မှုကိုလက်တွေ့မြင်တွေ့ခဲ့ရပါကြောင်း၊ နိုင်ငံတော်
သမ္မတကြီးနှင့် တပ်မတော်ခေါင်းဆောင်များ၏ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော်မှုများသည် အောင်မြင်လိမ့်မည် ဟု မိမိယုံကြည်ပါကြောင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ-လာအို နှစ်နိုင်ငံ သည် ရှည်လျားသောဆက်ဆံရေး သမိုင်းကြောင်းရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း အယူအဆအမျိုးမျိုး ကြောင့် စိတ်ဝမ်းကွဲခဲ့ပြီး ပဋိပက္ခ မျိုးစုံပေါ်ပေါက်ခဲ့ကာ ၎င်းပဋိပက္ခ များငြိမ်းချမ်းအောင် အစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ကြပါကြောင်း၊ နိုင်ငံတစ်ခုသည် မည်သည့်စနစ်ပဲ ကျင့်သုံးသည်ဖြစ်စေ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပါမှ ၎င်းနိုင်ငံ တိုးတက်မှု ရှိမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံတွင်လည်း လက်ရှိအစိုးရနှင့် တပ်မတော်သည် ယခုထက်ပို၍ တိုင်းပြည်ငြိမ်း ချမ်းရေးရရှိအောင် အစွမ်းကုန် ကြိုးပမ်းတည်ဆောက်နေပြီး မကြာခင်ကာလတွင် မိမိတို့နိုင်ငံသည် အမှန်တကယ် ငြိမ်းချမ်းသွားမည် ဖြစ်ပါကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် တာဝန်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းပြည်၏အခြေ အနေနှင့်ကိုက်ညီသော ဒီမိုကရေစီစနစ်ကို သွားနေပြီဖြစ်ကြောင်း၊ မိမိတို့အခိုင်အမာပြောကြားလိုသည်မှာ လက်ရှိနိုင်ငံရေးအခြေအနေထက် ပိုမိုကောင်းမွန်အောင် ရှေ့သို့သာ ချီတက်လျှောက်လှမ်းမည်ဖြစ်ပြီး လက်ရှိအခြေအနေမှ နောက်ကြောင်း ပြန်လှည့်မည်မဟုတ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များကို အာဆီယံအသိုက်အဝန်းက အသိအမှတ်ပြု ထောက်ခံသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိ လာအို နိုင်ငံသို့ လာရောက်ခြင်းသည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်ကောင်း မွန်စေရန် လာရောက်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ကာကွယ်ရေးဝန်ကြီးနှင့် လည်း နှစ်နိုင်ငံ တပ်မတော်အချင်း ချင်း အပြန်အလှန် ရင်းနှီးစွာ လည် ပတ်ရေး၊ အားကစား၊ ယဉ်ကျေးမှု ဆိုင်ရာများနှင့် ဘာသာရပ်ဆိုင်ရာ သင်တန်းများ အပြန်အလှန် တက်ရောက်ရေးကိစ္စရပ်များကို ဆွေးနွေး နိုင်ခဲ့ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံ အတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ် သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိုလည်း ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ လာအို နိုင်ငံသည် မိမိတို့နိုင်ငံနှင့် အရင်းနှီး ဆုံး အိမ်နီးချင်းမိတ်ဆွေနိုင်ငံ တစ်နိုင်ငံဖြစ်ပါကြောင်း၊ သမိုင်း ကြောင်းအရ ရှည်လျားသောချစ်ကြည် ရင်းနှီးမှုကို မိမိတို့မျိုးဆက်သစ်များ အနေနှင့် ပိုမိုခိုင်မြဲအောင် တည် ဆောက်သွားမည်ဖြစ်ကြောင်း ပြော ကြားသည်။

ထို့နောက် လာအိုသမ္မတကြီးက မြန်မာ့တပ်မတော်၏ ခံယူချက် ယုံကြည်ချက်ကို ရှင်းလင်းစွာပြော ကြားခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ လာအိုနိုင်ငံသည်လည်း ၁၉၇၅ ခုနှစ် လွတ်လပ်ရေးရရှိပြီးကတည်းက နိုင်ငံတည်ငြိမ်မှုရှိအောင် အစွမ်းကုန်ကြိုးပမ်းခဲ့ပါကြောင်း၊ မိမိတို့သည် အခက်အခဲ အမျိုးမျိုးကြားမှ လာအိုနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ယခုထက်ပိုမိုကောင်းမွန်အောင်တည်ဆောက်သွားမည်ဖြစ်ကြောင်း
ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မဲခေါင်မြစ်ကူး ချစ်ကြည်ရေးတံတား ပြီးစီးသွားပါက နှစ်နိုင်ငံကုန်သွယ်မှု၊ ဆက်ဆံမှု ယခုထက် ပိုမိုလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(မြဝတီ)

0 comments:

Post a Comment