16.2.14

‘အ’ သုံးလုံး အဖွဲ့ဝင်ဟောင်းများ မင်းကင်းဒေသခံ ၈၀၀ ကျော်ကို ဆေးဝါးကုသ


Sunday, February 16, 2014

၁၉၆၄-၁၉၈၄ တက္ကသိုလ် ကောလိပ် သိပ္ပံကျောင်းပေါင်းစုံမှ ‘အ’ သုံးလုံး အဖွဲ့ဝင်ဟောင်းများ ဦးစီးသော စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှု ကူညီရေးအဖွဲ့မှ အငြိမ်းစား ပါမောက္ခများနှင့် ဆေးရုံအုပ်ကြီးများ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့် အငြိမ်းစား ပညာရှင်များ ပါဝင်သော အဖွဲ့ဝင် ၁၅ ဦးသည် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ စစ်ကိုင်းတိုင်း ဒေသကြီးရှိ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော မင်းကင်းမြို့နယ်သို့ သွားရောက်၍ ဒေသခံ ပြည်သူ ၈၀၀ ကျော်အား အခမဲ့ ဆေးဝါးကုသ ပေးခဲ့ကြကြောင်း အဆိုပါ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ လုပ်အားပေး အဖွဲ့သည် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ဒေသခံ ကျောင်းသား၊ ကျောင်းသူ ၅၀၀ ခန့်ကို ဘာသာရပ်အလိုက် အနီးကပ် အထောက်အကူပြု ဟောပြောသင်ကြား ပို့ချပေးခြင်း၊ အသိဉာဏ်နှင့် ဗဟုသုတဆိုင်ရာ ဟောပြောပွဲများ ကျင်းပပေးခြင်း၊ ကျေးရွာ စာကြည့်တိုက် ၁၂ တိုက်အတွက် စာအုပ်ပေါင်းစုံ လှူဒါန်းခြင်း၊ စာကြည့်တိုက်များ ရေရှည် တည်တံ့ရေးနှင့် ကျေးလက် ပြည်သူ့ ကျန်းမာရေးအတွက် ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ ချို့တဲ့ ခေါင်းပါးသော အစွန်အဖျား ကျေးရွာများသို့ အဝတ်အထည်များ ပေးပို့ လှူဒါန်းခြင်း၊ ကျေးလက် အ.ထ.က ခွဲ ခြောက်ကျောင်းအတွက် သင်ရိုးအထောက် အကူပြု စာအုပ်စာတမ်းများ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ ပေးပို့ထောက်ပံ့ခြင်း၊ မင်းကင်းမြို့ပေါ်ရှိ (နာဂ၊ ချင်း၊ ရှမ်းစသော တိုင်းရင်းသား လူငယ်များကို စောင့်ရှောက်ထားသော) မင်္ဂလာပဇ္ဇောတာရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ စာအုပ်စာတမ်းနှင့် ရန်ပုံငွေ ကျပ်သုံးသိန်း၊ မဟာမင်း ကျောင်းတိုက် ကွန်ကရစ်လမ်းအတွက် ရန်ပုံငွေ နှစ်သိန်း လှူဒါန်းခြင်း အပါအဝင် လူမှုအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှု ကူညီရေးအဖွဲ့ကို မုံရွာမြို့ရှိ မင်းကင်းမြို့နယ် အသင်းဝင်များ၊ မင်းကင်းမြို့မှ မြို့မိမြို့ဖများ၊ မင်းကင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သူ မြို့နယ်သားများက နွေးထွေးစွာ ကြိုဆို၍ လိုအပ်သည်များကို ကူညီပံ့ပိုး ပေးခဲ့ကြသည်။

အဆိုပါ လူမှုအကျိုးပြု လုပ်ငန်းများသည် စာတတ်မြောက်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေးအဖွဲ့၏ ပထမဆုံး ခြေလှမ်းဖြစ်ပြီး အဖွဲ့၏ ရည်ရွယ်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည်ဟု ဥက္ကဋ္ဌ ဦးမျိုးသန့် (တွဲဖက်ပါမောက္ခ-ငြိမ်း) က ပြောကြားသည်။
www.facebook.com.mmcities
Reposted by panei
Credit to The Voice Weekly

0 comments:

Post a Comment