25.2.14

မန္တလေးမြို့ကို စံပြယဉ်ကျေးမှုမြို့တော် အဖြစ် သတ်မှတ်ရန် တိုင်းဒေသကြီး လွှတ်တော်သို့ အဆိုတင်သွင်းမည်



မန္တလေး ဖေဖော်ဝါရီ ၂၄

မင်းတုန်းမင်း ထီးနန်းစိုက်ခဲ့သည့် မန္တလေးမြို့တော်ကို စံပြ ယဉ်ကျေးမှုမြို့တော် အဖြစ် သတ်မှတ်ရန် လာမည့် တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုတင်သွင်းမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက The Voice သို့ ပြောကြားသည်။


ကုန်းဘောင်မင်းဆက် နောက်ဆုံး နန်းစိုက်ရာမြို့ ဖြစ်သည့်အပြင် မန္တလေး မြို့တော်တွင် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ တည်ရှိသည့်အတွက် စံပြ ယဉ်ကျေးမှုမြို့တော် သတ်မှတ်သင့်သဖြင့် ယင်းသို့ တင်သွင်းခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"ခုချိန်မှာ ယဉ်ကျေးမှုမြို့တော်လို့ ပြောတာ ပုဂံပဲ ရှိတာ၊ မန္တလေးမှာက ယဉ်ကျေးမှု အဆောက်အအုံတွေ၊ ကျုံးတွေရှိတော့ သတ်မှတ်ဖို့ လိုတယ်လေ၊ သတ်မှတ်ရမှာက အစိုးရတာဝန်။ သတ်မှတ်ဖို့ တင်သွင်းရမှာက အန်တီတို့ တာဝန်လေ၊ ဒါကြောင့် ဒီအဆိုကိုတင်မှာပါ" ဟု ချမ်းအေးသာစံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်မာက ဆိုသည်။
လာမည့် မတ်လ ၁၀ ရက်နေ့တွင် ကျင်းပမည့် ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး နဝမအကြိမ် လွှတ်တော်အစည်း အဝေးတွင် ယင်းအဆိုကို တင်သွင်းသွားမည် ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

"မန္တလေးမြို့ကို စံပြယဉ်ကျေးမှု မြို့တော်အဖြစ် သိပ်ကို သတ်မှတ်သင့်တာပေါ့၊ ဒီလို သတ်မှတ်သင့်သလို ယဉ်ကျေးမှု အဆောက်အအုံတွေ ကိုလည်း သဘာဝဒဏ်ကြောင့် မပျက်စီးအောင် နှစ်စဉ် ပြုပြင်သင့်တယ်၊ ဒါတင်မက မန္တလေးမြို့ ဒေသခံတွေက လည်း ယဉ်ကျေးတဲ့သူတွေ ဖြစ်ဖို့လည်း လိုပါတယ်" ဟုမြန်မာဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ဆိုသည်။

မန္တလေးမြို့တော်ရှိ အထင်ကရ ကျုံးမြို့ရိုးရှိ ပြာသာဒ်များ ဟောင်းနွမ်းနေပြီ ဖြစ်ရာ ယခုအချိန်တွင် ဆေးပြန်သုတ်ရန် လိုအပ်နေကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

0 comments:

Post a Comment