17.10.14

အီဘိုလာကူးစက်မှု အလေးမထားရင် တကမ္ဘာလုံးကို ပျံ့နှံ့သွားမည်ဟု အိုဘားမား သတိပေး


သမ္မတအိုဘားမားက အမေရိကန်နိုင်ငံမှာ အီဘိုလာရောဂါကို အခုထက်ပိုပြီး ထိထိရောက်ရောက် ကာကွယ် နှိမ်နှင်းသွားဖို့ မနေ့က အလေးအနက်ပြောဆိုလိုက်ပါတယ်။

ဒီရောဂါကို ကမ္ဘာက အလေးအနက်မထားရင် အခုလို ခရီးအသွားအလာ များတဲ့ခေတ်ကြီးမှာ တကမ္ဘာလုံးကို ပျံ့နှံ့သွားမယ်လို့ သမ္မတက သတိပေး ပြောဆိုပါတယ်။

အောက်တိုဘာ ၈ ရက်နေ့က အမေရိကန်မြေပေါ် မှာ သေဆုံးသွားတဲ့ အီဘိုလာ ရောဂါသည် ကို ကုသပေးခဲ့တဲ့ သူနာပြုနောက်တဦး အီဘိုလာရောဂါ ကူးစက်ခံရတာအပေါ် သိပ်လည်း မစိုးရိမ်ကြဖို့ သမ္မတက ပြော ဆိုပါတယ်။

အဲဒီသူနာပြုက သူလေယာဉ်နဲ့ ခရီးမထွက်ခင် အဖျားနည်းနည်းရှိနေတာကို ဆေးရုံကို ပြောဆိုပေမယ့် ဆေးရုံက ပြဿ နာမရှိဘူးဆိုပြီး ခွင့်ပြုခဲ့တယ်လို့ ရုပ်မြင်သံကြားဖြေဆိုခန်းတခုမှာ ပြောဆိုပါတယ်။

အခုတော့ သူ့ကို အီဘိုလာကို ပထမဆုံး အောင်အောင်မြင်မြင်ကုသပေးခဲ့တဲ့ အတ္တလန်တာဆေးရုံကို တင်ပို့ထားပါတယ်။

နောက်ထပ်အီဘိုလာကူးစက်မှုတွေကို အမြန်ဆုံးတုံ့ပြန်မယ့်အဖွဲ့တဖွဲ့ကိုလည်း အမြန်ဆုံးဖွဲ့စည်းဖို့ အမေရိကန်ကူးစက်ရောဂါဌာနကို သမ္မတ ညွှန်ကြားခဲ့ပါတယ်။

ဒုတိယကူးစက်ခံရတဲ့ သူနာပြုအပါအ၀င် အီဘိုလာရောဂါသည်ကို ဆေးကုသခဲ့တဲ့ ဘယ်သူနာပြုမှ ခရီးသွားခွင့်မပေးခဲ့သင့်ဘူးလို့လည်း ကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူး တွန် ဖရိုင်းဒင် (Tom Frieden) က အောက်တိုဘာ ၁၅ ရက်နေ့က ပြောဆိုပါတယ်။

အီဘိုလာရောဂါဟာ ရောဂါလက္ခဏာ မပြချိန်မှာ ကူးစက်မှု မရှိတာကြောင့် သူနာပြုနဲ့ လေယာဉ်စီး ခရီးသည်တွေ ကူးစက်ခံရဖို့ သိပ်မရှိနိုင်ဘူးလို့လည်း ပြောဆိုပါတယ်။

ဒါပေမယ့် လေယာဉ်စီးခရီးသည် ၁၃၂ ဦးကိုတော့ ကူးစက်ရောဂါဌာနက သတိထား စောင့်ကြည့်နေပါတယ်။

DVB

0 comments:

Post a Comment