14.10.14

IS ချေမှုန်းရေး စစ်စခန်း နေရာများကို အမေရိကအား တူရကီ အသုံးပြုခွင့်ပေး


တူရကီနိုင်ငံ အတွင်းရှိ စစ်စခန်းများကို အမေရိကန်စစ်တပ်အား အသုံးပြုခွင့် ပေးလိုက်ကာ ယင်းစစ်စခန်းများကို IS ချေမှုန်းရေး စစ်ဆင်ရေးများအတွက် အသုံးပြုမည် ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဆူဆန်ရိုက်စ်ကို ကိုးကားလျက် BBC သတင်းတစ်ရပ်က ရေးသားထားသည်။

တူရကီတောင်ပိုင်းရှိ အင်ဆာလစ်ခ် လေတပ်စခန်း အပါအဝင် စစ်အခြေစိုက် နေရာများကို အသုံးပြုခွင့် ပေးသောကြောင့် အမေရိကန်အစိုးရက ယင်းသဘောတူညီချက်ကို ကြိုဆိုပါကြောင်း မစ်စ်ရိုက်စ်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အီရတ်နှင့် ဆီးရီးယား နယ်မြေအများအပြားကို ထိန်းချုပ်ထားသည့် IS ကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများကို ခေါင်းဆောင်လျက် ရှိသည်။

တူရကီသည် အထက်ပါ နှစ်နိုင်ငံလုံးနှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိကာ မြေပြင်ထိုးစစ်များတွင် ဝင်ရောက်ပါဝင်မည့် အစီအစဉ်တော့ မရှိဟု ငြင်းဆန်ထားသည်။

အမေရိကန်သည် တူရကီနယ်မြေများတွင် အလယ်အလတ်ဝါဒီ သဘောရှိသော ဆီးရီးယားသူပုန်များကို စစ်သင်တန်းပေးခြင်းနှင့် အီရတ်နှင့် ဆီးရီးယားအတွင်းရှိ လှုပ်ရှားမှုများကို ချိတ်ဆက်ခြင်း စသည်တို့ကို ပြုလုပ်မည် ဖြစ်ကြောင်း ဆူဆန်ရိုက်စ်က NBC ရေဒီယိုကို ပြောကြားထားသည်။

“ဒါဟာ နောက်ဆုံးရရှိထားတဲ့ အားတက်သရောရှိမှု ဖြစ်ပြီးတော့ ကျွန်မတို့က ကြိုဆိုပါတယ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

ဆီးရီးယား မြို့တစ်မြို့ဖြစ်သော ကိုဘာနီကို IS တိုက်ခိုက်ရေးသမားများက သိမ်းပိုက်ရန် ထိုးစစ်ဆင်နေပြီး ယင်းမြို့သည် တူရကီနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်နိုင်သော နယ်မြေတစ်ခု ဖြစ်သည်။

မြို့၏ ဧရိယာအချို့ကို IS က သိမ်းထားပြီး ကာ့ဒ်တပ်ဖွဲ့များကလည်း ကြံ့ကြံ့ခံကာ IS များကို ပြန်လည်တိုက်ခိုက်လျက် ရှိကြသည်။

အမေရိကန်လေကြောင်းက ကာ့ဒ်များကို ဝေဟင်က စစ်ကူသည့် သဘောဖြင့် IS နယ်မြေများကို ဗုံးများကြဲပေးနေပြီး မည်သည့်ဘက်ကမှ မြို့ကို လုံးဝထိန်းချုပ်နိုင်သွားသည့် အခြေအနေမျိုး မရှိသေးပေ။

တူရကီက နယ်စပ်တစ်လျှောက်တွင် တပ်များ ချထားသော်လည်း ဆီးရီးယားအတွင်းသို့ ဝင်တိုက်ရန် အစီအစဉ်ကို ငြင်းဆန်ထားပြီး တူရကီထဲမှ ကာ့ဒ်များကိုလည်း သွားရောက်တိုက်ခိုက်ခွင့် မပေးထားပေ။

The Voice Weekly

0 comments:

Post a Comment