4.12.14

ဂျပန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် အာဘေး၏ ပါတီ အပြတ်အသတ် အောင်ပွဲခံရန် ရေပန်းစားနေ

အကြိုကောက်ခံထားသည့် စစ်တမ်းများအရ မကြာမီ ကျင်းပမည့် ဂျပန်နိုင်ငံ ရွေးကောက်ပွဲတွင် လက်ရှိ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ပါတီကပင် အပြတ်အသတ် အနိုင်ရဖွယ် ရှိနေကြောင်း သတင်းရရှိသည်။

ဂျပန်တွင် အမြင်စစ်တမ်းတစ်ခု ကျယ်ပြန့်စွာ ကောက်ခံပြီး ဒီဇင်ဘာလက ၄ ရက်တွင် ကြေညာခဲ့ရာ အာဘေး၏ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီကို ပြည်သူအများစုက နှစ်သက်နေဆဲဖြစ်ပြီး ရလဒ်ပိုင်းအရ အပြတ်အသတ် အောင်ပွဲခံဖွယ် ရှိနေကြောင်း ညွှန်ပြလျက်ရှိသည်။

အောက်လွှတ်တော်၏ အမတ် ၄၇၅ နေရာတွင် အာဘေး၏ ပါတီက အမတ်နေရာ ၃၀၀ ကျော် ရရှိမည်ဟု နိုင်ငံရေး အကဲခတ်များက ခန့်မှန်းထားကြောင်း အဆာဟိရှင်ဘွမ်း သတင်းစာက ရေးသားခဲ့သည်။

အဆာဟိရှင်ဘွမ်းကဲ့သို့ပင် ကျိုဒိုသတင်းစာကလည်း စာဖတ်သူများ၏ သဘောထားစစ်တမ်း တစ်ခုကို ကောက်ခံရာ အလားတူရလဒ်ပင် ထွက်ပေါ်ကြောင်း သိရှိရသည်။

ဂျပန်တွင် အထွေထွေ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၁၄ ရက်၌ ကျင်းပရန် စီစဉ်ထားပြီး အာဘေးသည် ဝန်ကြီးချုပ်ရာထူးကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် အထူးတလည် ရေပန်းစားနေသည်။

အာဘေးသည် ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ရာထူး သက်တမ်း ၂ နှစ် ထမ်းဆောင်ရန် ရှိနေသေးသော်လည်း အောက်တိုဘာလအတွင်းက အခွန်စည်းကြပ်မှု တိုးမြှင့်ရန် ၎င်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြည်သူ့သဘောထားကို သိရှိစေရန် ရွေးကောက်ပွဲကို အချိန်စော ကျင်းပစေခဲ့ခြင်း ဖြစ်သည်။

ထိုအတောအတွင်း ဂျပန်ရှိ မီဒီယာ အများအပြားက ရွေးကောက်ပွဲကြို စစ်တမ်းများ ကောက်ခံခဲ့ရာ လူပေါင်း တစ်သိန်းကျော်က မှန်ကန်တိကျသည့် သဘောထား စစ်တမ်းများဖြင့် တုံ့ပြန်ခဲ့သည်။ စစ်တမ်းရလဒ်များကလည်း အခွန်စည်းကြပ်မှု တိုးမြှင့်ရန် အဆိုပြုခဲ့သည့်တိုင် အာဘေးကို ပြည်သူအများစုက ယုံကြည်အားကိုးနေဆဲဟု ညွှန်ပြလျက်ရှိသည်။

_Ref: Channelnewsasia

0 comments:

Post a Comment