4.12.14

လစ်ဗျားတွင် IS တပ်ဖွဲ့၏ အခြေစိုက် လေ့ကျင့်ရေးစခန်းတစ်ခု ရှိလာကြောင်း အမေရိကန် ပြောကြား

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့သည် နောက်ထပ် ခြေကုပ်စခန်းအဖြစ် လစ်ဗျားနိုင်ငံ အတွင်းသို့ ခြေဆန့် ဝင်ရောက်လာပြီဖြစ်ကြောင်း အမေရိကန်၏ အာဖရိကဆိုင်ရာ စစ်ဌာနချုပ်က ကြေညာခဲ့သည်။

အာဖရိက အခြေစိုက် အမေရိကန် စစ်ဌာနချုပ်မှ ဗိုလ်ချုပ်ကြီး ဒေးဗစ်ရိုဒရီဂွတ်ဇ်က လစ်ဗားနိုင်ငံ အရှေ့ပိုင်းတွင် IS တပ်ဖွဲ့၏ လေ့ကျင့်ရေး အခြေစိုက် စခန်းတစ်ခု ရှိနေပြီဖြစ်ပြီး IS တပ်ဖွဲ့ဝင် ရာဂဏန်းမျှသည် ထိုနေရာတွင် စစ်သင်တန်းများ တက်ရောက် လေ့ကျင့်နေကြောင်း ပြောကြားခဲ့သည်။

ရိုဒရီဂွတ်ဇ်က အဆိုပါ စခန်းသည် လက်ရှိတွင် အစောပိုင်းအဆင့် လည်ပတ်မှုမျိုးသာ ရှိနေဆဲဖြစ်ပြီး ယင်းစခန်း၏ တိုးတက်ကျယ်ပြန့်လာမှုကို အမေရိကန်က သတိကြီးစွာ စောင့်ကြည့်နေကြောင်းလည်း ဆိုသည်။

လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဒေသတွင် အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့အစည်း အများအပြားသည် အာဏာဖြန့်ကျက်မှုအတွက် အားပြိုင်မှုများ ရှိနေပြီး အချို့က ၎င်းတို့သည် IS တပ်ဖွဲ့နှင့် မဟာမိတ်အဖြစ် ရပ်တည်ကြောင်း ကြေညာထားသည်။

နိုဝင်ဘာ ၃ ရက်တွင် ဝါရှင်တန် ဒီစီ၌ သတင်းထောက်များကို တွေ့ဆုံရာတွင် ရိုဒရီဂွတ်ဇ်က “လောလောဆယ် လစ်ဗျားမှာ စတင်အခြေစိုက်နေတဲ့ IS စစ်သင်တန်းကျောင်းဟာ စစ်သွေးကြွတွေ ရောက်လာပြီး လေ့ကျင့် သင်ကြားတဲ့ နေရာတစ်ခုပါ။ လောလောဆယ်တော့ စခန်းအရွယ်အစားက သေးငယ်နေတုန်းပါ။ လက်ရှိ အချိန်ထိတော့ ဒါဟာ လေ့ကျင့်ရေးအတွက် ရည်ရွယ်အခြေစိုက်တဲ့ စခန်းတစ်ခုအဖြစ် ကျွန်တော်တို့ မှတ်ယူပါတယ်”ဟု ပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါ စစ်ရေးလေ့ကျင့်မှု စခန်းတွင် ရှိနေသည်မှာ IS အဖွဲ့သားများချည်း ဟုတ်၊ မဟုတ် အခြားသော အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ခြင်း ရှိမရှိ မကွဲပြားသေးကြောင်း ၎င်းက ဝန်ခံသည်။ IS တပ်ဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တွင် နယ်မြေ အမြောက်အမြားကို သိမ်းပိုက်ထားသည့်အပြင် ယခုအခါ လစ်ဗျားရှိ ဒေသခံ စစ်သွေးကြွ အဖွဲ့များနှင့် ပူးပေါင်းပြီး နယ်ပယ်ချဲ့ထွင်လာသည့် သဘောဟုလည်း ရိုဒရီဂွတ်ဇ်က သုံးသပ်ခဲ့သည်။

လစ်ဗျားတွင် မူအမ်မာ ကဒါဖီအစိုးရ ပြုတ်ကျပြီး ကတည်းက နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်နေပြီး ဗဟိုအစိုးရသည် လစ်ဗျားရှိ အဓိက မြို့ကြီးသုံးခုကို လက်လွှတ်ထားရပြီး အစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များက သိမ်းယူထားသည်။

လစ်ဗျား၏ ဒုတိယ အကြီးမားဆုံး မြို့တော်ဖြစ်သည့် ဘန်ဟာဇီသည် ယခုအခါ အစ္စလာမ်မစ် တော်လှန်ရေး တပ်ဖွဲ့ဝင်များ လက်အောက်တွင် ကျရောက်နေပြီး နိုင်ငံတကာက အသိအမှတ်ပြုသည့် လစ်ဗျားလွှတ်တော်သည် ယခုအခါ အရှေ့ပိုင်းဒေသရှိ တိုဘရက်ခ်မြို့တွင် အခြေစိုက်နေသည်။

အမေရိကန် ပြည်ထောင်စုသည် နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့များကို ဦးဆောင်ကာ အီရတ်နှင့် ဆီးရီးယားတို့ရှိ IS တပ်ဖွဲ့များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။

_Ref: BBC

0 comments:

Post a Comment