4.12.14

လူမည်းတစ်ဦး သေဆုံးမှုအပေါ် ဂျူရီအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး နယူးယောက်တွင် ဆန္ဒပြမှုများ ဖြစ်ပွား

အာဖရိကန်ဖွား (လူမည်း) အမျိုးသားတစ်ဦး အသက်ရှူကျပ်ပြီး သေဆုံးခဲ့သည့် ဖြစ်ရပ်တွင် ၎င်းကို လည်ပင်းညှစ်ထားသည့် လူဖြူရဲအရာရှိ တစ်ဦးအား စွဲချက်တင်ရန် အကြောင်းမရှိဟု ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့သည့်နောက် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော်တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့သည်။

အထူးရွေးချယ်ထားသည့် ဂျူရီအဖွဲ့ တစ်ခုက နယူးယောက် ရဲတပ်ဖွဲ့မှ အရာရှိ ဒန်နီရယ်လ် ပန်တာလီယိုသည် ဇူလိုင်လအတွင်းက လူမည်းအမျိုးသား အဲရစ်ဂါနာ သေဆုံးမှုနှင့် ပတ်သက်ပြီး စွဲချက်တင်ခံရန် မလိုအပ်ကြောင်း ဒီဇင်ဘာ (၃)ရက်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဂါနာကို ပန်တာလီယိုက အကြမ်းပတမ်း ဖမ်းဆီးသည့် အခြေအနေတွင် သံသယ တရားခံ အနေဖြင့် အသက်ရှူကျပ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ပန်တာလီယို၏ လုပ်ဆောင်မှုသည် ရဲလုပ်ထုံးလုပ်နည်း ဘောင်ထဲ၌ပင် ရှိနေပြီး ယင်းအတွက် ၎င်းကို စွဲချက်တင် အရေးယူရန် အကြောင်းမရှိဆိုသော ဂျူရီအဖွဲ့ ဆုံးဖြတ်ချက်ကို အစိုးရ ရှေ့နေချုပ် အဲရစ်ဟိုလ်ဒါက ထုတ်ပြန်ခဲ့သည်။ ထို့နောက်တွင်မူ “တရားမျှတမှု မရှိရင် ငြိမ်းချမ်းမှု မရှိနိုင်ဘူး”ဆိုသည့် စာတန်းများကို ကိုင်ဆောင်ကာ နယူးယောက် မြို့ခံအချို့က ဂျူရီဆုံးဖြတ်ချက်ကို ဒေါသတကြီး ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် ဂါနာသေဆုံးမှုသည် ပြီးခဲ့သည့် လပိုင်းများအတွင်းက ဖြစ်ပွားခဲ့သည့် အမေရိကန် လူဖြူရဲများနှင့် လူမည်းသံသယ တရားခံများကြား ပြဿနာများကြောင့် လူထု၏ အာရုံစိုက်မှုကို ပိုမိုကြုံတွေ့လာခဲ့သည်။ မဇ္ဇူရီရှိ ဖာဂူဆန်မြို့တွင် လက်နက်မဲ့ လူမည်းတစ်ဦးဖြစ်သည့် မိုက်ကယ်ဘရောင်းကို လူဖြူရဲအရာရှိ တစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့မှုတွင် ရဲအရာရှိကို လူသတ်မှုဖြင့် စွဲချက်တင်ရန် မဖြစ်သင့်ကြောင်း ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့ရာတွင်လည်း အလားတူ ပြဿနာများ ဖြစ်ခဲ့သည်။ ထိုစဉ်က ဖာဂူဆန်မြို့တွင် ဆူပူအုံကြွမှုများ ဖြစ်လာရာ အမျိုးသား လုံခြုံရေး အစောင့်တပ်ဖွဲ့များကပါ ဝင်ရောက် ထိန်းသိမ်းခဲ့ရသည်။

အလားတူပင် အိုဟိုင်းယိုး၌လည်း အသက်(၁၂)နှစ်အရွယ် လူမည်းကလေးငယ် တစ်ဦးသည် အရုပ်သေနတ်ဖြင့် ကစားနေပြီး ရဲများက လက်နက်ချရန် ပြောဆိုမှုကို မလိုက်နာသဖြင့် ကစားကွင်းတွင် ပစ်သတ်ခံခဲ့ရသည်။ ထိုအခြေအနေကလည်း အမေရိကန်၏ တရားစီရင်ရေး ကဏ္ဍတွင် ရဲများက လူမည်းများကို ဖိနှိပ်နေသည်ကို မျက်ကွယ်ပြုနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာစေသည်။

ဂါနာသေဆုံးမှုတွင် ပန်တာလီယိုကို စွဲချက်တင်စရာ အကြောင်းမရှိဟု ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့သော်လည်း အမေရိကန် တရားရေး ဝန်ကြီးဌာနက အဆိုပါ ကိစ္စကို ပြည်သူ့အခွင့်အရေးဆိုင်ရာ စုံစမ်းမှုတစ်ခု ပြုလုပ်သွားမည်ဟု ဟိုလ်ဒါက ကတိပြုခဲ့သည်။ ထို့ကြောင့် နယူးယောက် ရဲအရာရှိ အနေဖြင့် တရားရေး ဝန်ကြီးဌာန၏ စုံစမ်းမေးမြန်းမှုများနှင့် ဆက်လက် ရင်ဆိုင်ရဖွယ် ရှိနေသည်။

ပန်တာလီယိုကို စွဲချက်တင်မည် မဟုတ်ကြောင်း ဟိုလ်ဒါ၏ ကြေညာချက် အပြီးတွင် “လူမည်းတွေမှာလည်း အသက်ရှိတယ်”၊ “လူ့အသက်ကို တန်ဖိုးထားပါ” အစရှိသဖြင့် အော်ဟစ်ပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်လာသည်။ နယူးယောက်ရှိ ရော့ဖဲလား စင်တာအနီးတွင် အတန်ငယ် ရုန်းရင်းဆန်ခတ် အခြေအနေ အချို့ကြောင့် လူအနည်းငယ်ကို ရဲများက ထိန်းသိမ်းခဲ့သည်။

ဂရင်းစင်ထရယ်လ် အနီးတွင်လည်း ဆန္ဒပြသူများက လူသေများသဖွယ် သရုပ်ပြပြီး ဆန္ဒပြခဲ့သလို စတက်တန်အိုင်းလန်းတွင်လည်း ဆန္ဒပြမှုများ ဖြစ်ခဲ့သည်။ နယူးယောက်ရှိ နေရာအချို့တွင် လူစုဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး ဝါရှင်တန်ဒီစီ မြို့တော်တွင်မူ ဂျူရီဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခဲ့သည်။

နယူးယောက်ရှိ ဆန္ဒပြသူ တစ်ဦးဖြစ်သော ဆူဆန် ရှနိုက်ဒါက “ရဲတွေက ဒဏ်ခတ်မခံရဘူး။ သူတို့က လုပ်ချင်တာလုပ်ပြီး ထွက်ပြေးခွင့် ရနေတယ်။ လမ်းထဲမှာ သူတို့ ဘယ်လို ပစ္စည်းကိရိယာတွေ ဝတ်ဆင်လာသလဲ ဆိုတာကို ကြည့်ဦးလေ။ စစ်ဖြစ်နေတဲ့ အတိုင်းပဲ။ (၁၉၆၀)ပြည့်လွန် နှစ်တွေထက်တောင် ပိုဆိုးနေပြီ။ ပြောရရင် လူမျိုးရေး ခွဲခြားမှုက ပိုပြီးတော့ အားကောင်းလာနေတယ်”ဟု ဝေဖန်ခဲ့သည်။

ဂါနာသေဆုံးမှုသည် အမေရိကန် လူဖြူရဲများအနေဖြင့် လူမည်းများအပေါ် ခွဲခြားနှိမ့်ချ ဆက်ဆံနေကြောင်း စွပ်စွဲမှုများအပေါ် ပိုမို အားကောင်းစေခဲ့ပြီး လူမျိုးရေး ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများကို နိုးကြားလာစေခဲ့သည်။ မိုဘိုင်းဖုန်းများဖြင့် ရိုက်ယူထားသည့် ဗီဒီယိုများအရ ပန်တာလီယိုသည် ဂါနာကို ဖမ်းဆီးရာ၌ ဂါနာက လက်ထိပ်ခတ်ရန် ငြင်းဆိုနေသဖြင့် လည်ပင်းကို ဆုပ်ကိုင်ကာ အင်အားသုံး ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်ကို တွေ့ရသည်။ ဆေးစစ်မှတ်တမ်းများက ဂါနာအနေဖြင့် ဖမ်းဆီးခံရချိန်တွင် ရင်ဘတ်ကို ဖိအားပေး ညှပ်ထားသဖြင့် အသက်ရှူကျပ်ပြီး သေဆုံးကြောင်း ဖော်ပြထားသည်။ သို့သော်လည်း ဂါနာတွင် ကြက်ညှာချောင်းဆိုးနှင့် နှလုံးအားနည်းမှု ပြဿနာများ အခံရှိနေခဲ့ကြောင်းလည်း ဆေးမှတ်တမ်းများက ဆိုသည်။

ပန်တာလီယိုကမူ ယင်းကိစ္စနှင့် ပတ်သက်၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ မိမိအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သေစေလိုစိတ် မရှိခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက လက်ရှိပြဿနာများနှင့် ပတ်သက်ပြီး “လက်ရှိ အခြေအနေတွေမှာ တချို့သော လူတွေက မျှတတဲ့ ဆက်ဆံမှုမျိုး မခံရဘူးလို့ ခံစားနေရတယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင်နေရတယ်။ တချို့သော အကြောင်းကိစ္စတွေမှာ အမှားအယွင်းတွေ ရှိနိုင်တယ်။ တချို့ကိစ္စတွေကတော့ တကယ့် အမှန်တရား ဖြစ်နေတယ်။ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ ဒါဟာ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိတယ်။ ဒီကိစ္စကို လူမည်းတွေရဲ့ ပြဿနာ၊ ဒါမှမဟုတ် လူညိုတွေရဲ့ ပြဿနာ ဆိုတာမျိုး မခွဲခြားဘဲ အမေရိကန်ရဲ့ ပြဿနာအဖြစ် ခံယူရပါမယ်”ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် နယူးယောက် ရဲတပ်ဖွဲ့သည် အရာရှိပေါင်း သုံးဒါဇင်ခန့်ကို ၎င်းတို့ တာဝန်ထမ်းဆောင်နေစဉ် လုပ်ဆောင်မှုများကို မှတ်တမ်းတင်မည့် ကင်မရာငယ်များ တပ်ဆင်ပေးသည့် စမ်းသပ် အစီအစဉ် တစ်ခုကို စတင်နေပြီဟု သိရှိရသည်။

_Ref: Channelnewsasia

0 comments:

Post a Comment