4.9.15

ကိုယ်တိုင် ဥပဒေကို လေးစားမှ ဥပဒေက အကာအကွယ်ပေးပါလိမ့်မယ် သန်းထွဋ်အောင်….


ဇူလိုင် ၁၄ ရက်နေ့ ညနေပိုင်းက ရန်ကင်းမြို့နယ် ဦးချစ်မောင်လမ်းပေါ်မှာ Eleven Media Group ရဲ့ CEO ဖြစ်တဲ့ သန်းထွဋ်အောင်တစ်ယောက် လေးခွနဲ့အပစ်ခံခဲ့ရတဲ့သတင်းက လူမှုကွန်ရက်ပေါ်မှာ ဟိုးလေး တစ်ကျော်ကျော်ဖြစ်ခဲ့ တာကို အားလုံးသိပြီးဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သန်းထွဋ်အောင် ကတော့ ဒါဟာ နိုင်ငံရေး လုပ်ကြံမှုကြီး တစ်ခုပါလို့ပြောပြီး သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကိုပါ အထူးစိုးရိမ်ပါတယ်လို့ မဆီမဆိုင် ပြောခဲ့တာတွေကြောင့်လဲ Facebook စာမျက်နှာ တွေပေါ်မှာ သန်းထွဋ်အောင်ကို လှောင်ပြောင်သူတွေ၊ ကဲ့ရဲ့သူတွေ၊ ဝေဖန်သူတွေ၊ ရှုတ်ချသူတွေအများအပြား ပေါ်ပေါက်လာခဲ့တာကိုလဲ တွေ့ရပါတယ်။

အခုတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဇူလိုင် ၁၄ ရက် ညပိုင်းနဲ့ ဇူလိုင် ၁၅ ရက် မနက်ပိုင်းမှာ ကျူးလွန်တုန်းက ပါဝင်ခဲ့တဲ့ မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါနဲ့ ရန်နိုင် (ခေါ်) တီကောင်တို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေ တယ်လို့လည်း သိရပါတယ်။ သန်းထွဋ်အောင်ရဲ့ ပြောဆိုချက်အရဆိုရင်တော့ ကျူးလွန်ခဲ့တဲ့သူတွေဟာ ၅ ဦး ခန့်ရှိပြီး နောက်ထပ် ၃ ဦးခန့်ကျန်ရှိနေသေးတယ်လို့လဲ သိရပါတယ်။ ရဲတပ်ဖွဲ့ကလည်း ကျန်တဲ့ ၃ ဦးကို ထပ်မံ ဖမ်းဆီး နိုင်ဖို့အတွက် လိုအပ်တဲ့စစ်ဆေးမှုတွေနဲ့ ဆောင်ရွက်နေတယ်လို့ ထုတ်ဖော်ပြောဆိုထားတာရှိပါတယ်။
မီဒီယာလောကမှာ မီဒီယာသမားချင်းလည်းမတည့်၊ ဌာနဆိုင်ရာနဲ့လည်းအဆင်မပြေ၊ သွားဆက်ဆံမိသူ မည်သူနဲ့မဆို အဆင်မပြေမှုများလွန်းတာကြောင့် ဆူးလှည်းကြီးလို့သတင်းကြီးနေသူကတော့ သန်းထွဋ်အောင်ပဲဖြစ်ပါတယ်။ သူ့အနေ နဲ့ တစ်ပါးသူများကို ဝေဖန်မှုတွေတောက်လျှောက်လုပ်ခဲ့ပေမယ့် သူ့အပေါ်ဝေဖန်မှု အနည်းငယ်ပြုခံခဲ့ရရင်တော့ မီဒီယာ သမားချင်းတောင်မရှောင် တရားစွဲဆိုပြီး အဆိုပါပုဂ္ဂိုလ်တွေကိုလည်း ရစရာမရှိအောင် ပုဂ္ဂိုလ်ရေးထိခိုက်စေမယ့် ဝေဖန် ရေးဆောင်းပါးတွေရေးပြီး တိုက်ခိုက်ခဲ့တာဟာ သူ့ရဲ့ မီဒီယာတစ်သက်လို့တောင် ဆိုရမှာဖြစ်ပါတယ်။ အရင်က အာဏာ ပိုင်တွေနဲ့ ပလဲနံမသင့်ပြီး လုပ်ပိုင်ခွင့်စီးပွားရေးတွေ အများအပြားရရှိခဲ့တဲ့ခရိုနီတစ်ဖြစ်လဲ CEO သန်းထွဋ်အောင် အနေနဲ့ အခုအခါမှာတော့ တကယ့်ကို သမာသမတ်ရှိလှပါတဲ့ မီဒီယာသမားကြီးသဖွယ် ပုံဖမ်းနေတာကတော့ အမြင်မတင့် တယ်လှပေဘူးလို့ ဝေဖန်ရမှာဖြစ်ပါတယ်။
သန်းထွဋ်အောင်အနေနဲ့ သူ့ကို လေးခွနဲ့အပစ်ခံရတာနဲ့ပတ်သက်ပြီး တော်တော်လေး အစာမကြေဖြစ်နေပုံရတယ်။ အခုလို ကိစ္စဖြစ်ပြီးနောက်ပိုင်း အိမ်ထဲက အိမ်ပြင်ကို မထွက်ရဲဘူးလို့လည်း ဆိုပါတယ်။ သူ့အနားမှာလည်း ရန်သူတွေ ၀ိုင်းနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ အမှန်တကယ်တော့ လောဂျစ်အရ ဆိုရင် ရန်သူများ အောင်နေခဲ့သူဟာ ရန်သူတွေဝိုင်းနေတာ မဆန်းလှဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။ အခုလို လေးခွနဲ့ အပစ်ခံ ရခြင်းနဲ့ ပတ်သက်လို့လည်း သတင်းပေါင်းများစွာ ပေါ်ထွက်ခဲ့ပါတယ်။ အထင်ပေါ်ဆုံးသတင်းကတော့ ကာရာအိုကေဆိုင်က အမျိုးသမီးငယ် တစ်ဦးနဲ့ ဇာတ်လမ်းရှုပ်ရာကနေ မကျေနပ်သူတွေက လုပ်ကြံခဲ့တယ်လို့ လည်းဆိုကြပါတယ်။ သတင်းက မှန်ချင် မှန်နိုင်သလို မှားချင်လည်းမှားနိုင်ပါတယ်။ ဒါပေမယ့် ပုပ်လို့ပေါ်၊ ဟုတ်လို့ကျော် ဆိုတဲ့ စကားပုံကလည်း ရှိနေပြန်ပါ သေးတယ်။ The Daily Eleven သတင်းစာအယ်ဒီတာချုပ် ဝေဖြိုးက “တိုက်ခိုက်မှုမှာ လသာက လောင်းကစား လုပ်ငန်းလုပ်တဲ့ မဲကြီးနဲ့အဖွဲ့လည်း ပါတယ်လို့ ထပ်သိရတယ်” ဆိုပြီး ပြောလိုက်တဲ့အတွက် သူခိုးကြမ်းပိုး အသိုင်းအ၀ိုင်းနဲ့ ပတ်သက်နေသူဟာ သူခိုးကြမ်းပိုးတွေနဲ့ ပြဿနာတက်တာမဆန်းလှဘူးလို့လည်း သုံး သပ်နိုင်မှာ ဖြစ်ပါတယ်။
သန်းထွဋ်အောင် လေးခွနဲ့အပစ်ခံရတဲ့ အမှုနဲ့ပတ်သက်လို့ ရဲစခန်းက သူ့ကို တရားလိုပြသက်သေ အဖြစ် စစ်ဆေးဖို့ ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီအမှုနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးကို တစ်ချိန်လုံး ဝေဖန်ပုတ်ခတ်နေတဲ့ သန်းထွဋ်အောင်က ဆင့်ခေါ်မှုကို မသွားရောက်ဘူးလို့ပြော ဆိုခဲ့ပြန်ပါတယ်။ သူ့ရဲ့ အကြောင်းပြချက်ကတော့ ဒီအမှုမှာပါဝင်တဲ့ တရားခံ ၅ ဦးစလုံးကို မမိသေးတဲ့အတွက် မသွားနိုင်ဘူးလို့ဆိုပါတယ်။ အမှန်တကယ်တော့ ရဲတပ်ဖွဲ့ကလည်း တရားခံမမိသေးတဲ့အတွက် လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ဖို့ ဆင့်ခေါ်တာသာ ဖြစ်ပါတယ်။ သူ့ရဲ့ အမှုကိစ္စအတွက် ဆင့်ခေါ်ခြင်းကိုတောင် သွားရောက်ခဲ့ခြင်းမရှိတဲ့ သန်းထွဋ်အောင်အနေနဲ့ ဘာကြောင့် ဥပဒေကို ဝေဖန်နေရပါသလဲလို့ မေးခွန်းပြန်ထုတ်ရမှာလည်းဖြစ်ပါတယ်။
အချုပ်ဆိုရရင်တော့ မီဒီယာဆိုတာ တိုင်းပြည်အတွက် အရေးပါလှတယ်ဆိုပေမယ့် သန်းထွဋ်အောင် ဦးစီးတဲ့ Eleven မီဒီယာလို ကလောင်ကို လက်နက်သဖွယ်အသုံးချပြီး ရမ်းချင်တိုင်း ရမ်းနေတဲ့ အာဏာရှင် မီဒီယာမျိုးကတော့ ဘယ်တိုင်း ပြည်အတွက်မှ မလိုအပ်ဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။ Eleven မီဒီယာရဲ့ CEO ဖြစ်သူ သန်းထွဋ်အောင် အနေနဲ့ကလည်း ကိုယ်တိုင်ကမှန်သူမဟုတ်ဘဲ လူတကာကို လိုက်လံအပုပ်ချစွပ်စွဲပုတ်ခတ်နေတာက မြန်မာ့မီဒီယာ လောကအတွက် ရင်လေးစရာဖြစ်ပါတယ်။ အဆိုးရွားဆုံးကတော့ မိမိကိုယ်တိုင်က ဥပဒေကို လေးစားခြင်း၊ လိုက်နာခြင်း မရှိပါဘဲ ဥပဒေကို ဝေဖန်ရှုတ်ချနေခြင်းကလည်း မဖြစ်သင့်မဖြစ်အပ်တဲ့အရာဖြစ်ပါတယ်။ ဒါ့ကြောင့် ဥပဒေကို လေးစားလိုက်နာခြင်း ရှိမှသာ ဥပဒေရဲ့အကာအကွယ်ကိုအပြည့်အ၀ရမှာဖြစ်တယ်လို့ သန်းထွဋ်အောင်ကို စေတနာနဲ့ သတိပေးအကြံပြုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ မီဒီယာငပွ၊ မီဒီယာဆူးလှည်းဆိုတဲ့ နာမည်ဆိုးကြီးနဲ့ပဲ ဆက်လက် ရပ်တည်သွားရပါ လိမ့်မယ်ဆိုတာ သန်းထွဋ်အောင် နားလည်သင့်တယ်။

Credit To >>> Oppositeyes

0 comments:

Post a Comment