4.9.15

အလုပ်ထုတ်ခံရသည့် အာရှနှင်းဆီစက်ရုံ လုပ်သားတစ်ရာကျော် ဆန္ဒပြမည်

ပြည်ပက ကုန်ပစ္စည်းမှာယူမှု လျော့ကျလာသဖြင့် အလုပ်သမားအင်အား လျှော့ချသည်ဟုဆိုကာ အလုပ်ထုတ်ခံရသည့် လှိုင်သာယာမြို့နယ်ရှိ အာရှနှင်းဆီ အထည်ချုပ်စက်ရုံက အလုပ်သမားများ အလုပ်ပြန်လည်ရရှိရေးအတွက် စက်ရုံရှေ့တွင် သုံးရက်ကြာ ဆန္ဒပြမည်ဖြစ်ကြောင်း အဆိုပါ အလုပ်သမားများထံမှ သိရှိရသည်။

အလုပ်သမား ၁၆၉ ဦးကို သြဂုတ်လ ၂၄ ရက်နေ့က အလုပ်ထုတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းအလုပ်သများကို အလုပ်ပြန်ခန့်ရန် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ အလုပ်သမား ၁၅၀ ဆန္ဒပြမည် ဖြစ်ကြောင်း အဆိုပါစက်ရုံမှ အခြေခံအလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ မသန္တာမိုးက ပြောကြားသည်။
ဥပဒေ ပြဋ္ဌာန်းချက်များကို မလိုက်နာသည့် အလုပ်ရှင်ကို အရေးယူပေးရန်၊ အလုပ်ထုတ်ခံရသည့် အလုပ်သမားများကို အလုပ်ပြန်လည်ခန့်ထားရန်၊ ကျွမ်းကျင်ဝန်ထမ်းကို အလုပ်က ထုတ်ပယ်ကာ ဝန်ထမ်းသစ် ခေါ်ယူမှုကို လက်မခံဆိုသည့် အချက်သုံးချက်ဖြင့် ဆန္ဒပြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စက်ရုံတွင် အထည်ချုပ် အမှာစာရင်း နည်းလာသဖြင့် ဝန်ထမ်းအင်အား လျှော့ချလိုက်ရသည်ဟု စက်ရုံဘက်က ထုတ်ပြန်ပြောဆိုထားသော်လည်း မူလအလုပ်တွင် ပြန်လည်လုပ်ကိုင်လိုသည့် အလုပ်သမားများနှင့် ဆွေးနွေးမှုများ လုပ်နေစဉ်တွင် အလုပ်သမားများ၏ ၂၄ ရက်စာ လုပ်ခကို လှိုင်သာယာမြို့နယ် အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြောဆိုသည်။
“မြို့နယ်ဖျန်ဖြေရေးရုံးမှာ သုံးခါညှိတယ်။ စက်ရုံပိုင်ရှင်၊ အစိုးရဘက်က ညွှန်ကြားရေးမှူးချုပ်တွေနဲ့လည်း ထပ်ညှိတယ်။ အလုပ်ပြန်လည်ခန့်ဖို့ကို အဓိကလိုချင်တော့ နစ်နာကြေးတို့ လျော်ကြေးတို့ကို ကျွန်မတို့ မလိုချင်ဘူး” ဟု စက်ရုံအလုပ်သမ တစ်ဦးက ဆိုသည်။
ဝန်ထမ်းအင်အား လျှော့ချခံရလိုက်သည့် အထည်ချုပ် အလုပ်သမား ၁၉၆ ဦးတွင် စက်ရုံတွင်း ဖွဲ့စည်းသည့် အလုပ်သမား အဖွဲ့အစည်းများတွင် ပါဝင်သူအများစု ပါဝင်နေပြီး နေ့စဉ်လုပ်ခ ၁၃၈၀ ကျပ် ရရှိသည့် အနိမ့်ဆုံးရာထူးမှ ၂၀၀၀ ကျပ် ဝန်းကျင်အထိ ရရှိသည့် ကြီးကြပ်သူ ရာထူးအထိ ပါဝင်နေပြီး စက်တင်ဘာလ ၃ ရက်တွင် လုပ်ခလစာများ ထုတ်ပေးခဲ့ကြောင်း စက်ရုံအလုပ်သမားများထံမှ သိရှိရသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ အာရှနှင်းဆီ အထည်ချုပ်စက်ရုံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ တယ်လီဖုန်း ပြန်လည်ဖြေကြားသူက လုပ်သားအင်အား လျှော့ထားခြင်းကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ထားခြင်း ဖြစ်ပြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနကိုသာ ဆက်သွယ်မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။
အာရှနှင်းဆီစက်ရုံ အလုပ်သမားများ အလုပ်ထုတ်ခံရမှုနှင့် ပတ်သက်၍ ခုံသမာဓိအဖွဲ့ထံ တင်ပြထားပြီး ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန လှိုင်သာယာမြို့နယ် ဦးစီးမှူးက ပြောကြားသည်။
“အမှာတွေလည်း မရှိတော့ဘူး။ Buyer တွေကလည်း အထည်တွေ မပေးတော့ဘူး။ စီးပွားရေး အကျပ်အတည်းကြောင့် အင်အားလျှော့တာ” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်က အနည်းဆုံး လုပ်အားခအဖြစ် ကျပ် ၃၆၀၀ ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သတ်မှတ်ခဲ့သည်။ ယင်းသို့ သတ်မှတ်ချက် မထွက်မီနှင့် ထွက်ပြီး နောက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံလေးရုံက လုပ်သားအင်အား လျှော့ခဲ့ပြီး စက်ရုံတစ်ရုံ ပိတ်သိမ်းခဲ့သဖြင့် အလုပ်သမား တစ်ထောင်ဝန်းကျင် အလုပ်ထုတ်ခံခဲ့ရကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ သိရှိရသည်။

Credit To >>> The Voice

0 comments:

Post a Comment