8.9.15

ဘယ်သူ့ သြဇာ လွှမ်းမိုးမှုကိုမှ မခံဘူးဆိုတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်

ဦးမြအောင်, ရခိုင်, ၀န်ကြီးချုပ်
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရာထူး အပြောင်းအလဲသည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ၃ ကြိမ် အပြောင်းအလဲ ဖြစ်ခဲ့ သည်။ အစိုးရသစ် လက်ထက်တွင် ပထမဆုံး ၀န်ကြီးချုပ် ဖြစ်သည့် ရခိုင် တိုင်းရင်းသား ဦးလှမောင်တင်သည် စီမံခန့်ခွဲမှု မကောင်း ဟု အကြောင်းပြ၍ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး စစ်ဘက်မှ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် လူစားထိုးခဲ့သည်။

ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းသည် ရွေးကောက်ပွဲဝင်ရန် ရှိသဖြင့် အစိုးရ အဖွဲ့မှ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးမြအောင်ကို ပြည်နယ် ၀န်ကြီးချုပ်ရာထူး လွှဲပြောင်းပေးခဲ့ပြန်သည်။
ထို့ကြောင့် ဦးသိန်းစိန် အစိုးရ၏ ကျန်သက်တမ်းတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်မည့် ဦးမြအောင် ကို ဧရာဝတီ၏ ရခိုင်ပြည်နယ် သတင်းထောက် မင်းအောင်ခိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။   ။ ရခိုင်ပြည်နယ် ခေတ္တ ၀န်ကြီးချုပ်အဖြစ် ဘယ်နေ့က စပြီး တာဝန်ယူလိုက်တာလဲ။
ဖြေ ။   ။ ကျနော့်အနေနဲ့ကတော့ သြဂုတ်လ ၂၆ ရက်နေ့က စပြီး ခေတ္တ ၀န်ကြီးချုပ် တာဝန်ကို ထမ်းဆောင် ပါတယ်။
မေး ။   ။ ၀န်ကြီးချုပ် တာဝန်တွေကို စတင် တာဝန်ယူလိုက်တော့ ပထမဆုံး ဘယ်လို အခက်အခဲတွေနဲ့ ကြုံရလဲ။
ဖြေ ။    ။ အခက်အခဲ ဖြစ်တာတော့ မရှိပါဘူး။ မရှိဘူး ဆိုတာက အရင်ဝန်ကြီးချုပ် ချခဲ့တဲ့ လမ်းစဉ်တွေ ရှိတယ်။ သူလုပ်ခဲ့တဲ့ စီမံ ကိန်းတွေ ရှိတယ်။ ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ပဲ ဦးတည်ပြီးတော့ လုပ်တဲ့အတွက် ဒါတွေကတော့ အခက်အခဲ မရှိဘူးပေါ့။ ဒါပေမယ့်လည်း အခက်အခဲဆိုတာကတော့ ရေဘေးနဲ့ ပတ်သက်လို့ နည်းနည်း အခက်အခဲ ရှိတယ်။ ပြည်သူတွေရဲ့ ထိခိုက် နစ်နာခံစားမှုတွေက များနေတယ်။ များနေတဲ့အတွက် ကျနော်တို့  ပြည်သူများရဲ့ဒုက္ခကို ကူညီနိုင်ဖို့အတွက် လုပ်တဲ့ အပိုင်း မှာ နည်းနည်း အခက်အခဲတွေ ကတော့ နည်းနည်း ရှိနေတာပေါ့။
မေး ။   ။ အရင် ၀န်ကြီးချုပ် ချမှတ်ခဲ့တဲ့လမ်းစဉ်တွေ အတိုင်း သူ့စီမံကိန်းတွေကိုပဲ ဦးတည်လုပ်မယ် ဆိုတော့ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းရဲ့ သြဇာလွှမ်းမိုးမှု ရှိနေတုန်းပဲလား။ ရခိုင်လူထုကလည်း ဒီလိုပဲ ဦးမောင်မောင်အုန်း နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့ ပြောဆိုနေတာ ရှိလို့ပါ။
ဖြေ ။   ။ ကျနော်အနေနဲ့ ပြောချင်တာက ဦးမောင်မောင်အုန်း လမ်းညွန်မှု မဟုတ်ပါဘူး။ ဦးမောင်မောင်အုန်း ရေးဆွဲခဲ့တာပေါ့။ သူရေးဆွဲခဲ့တာတွေက ကောင်းပါတယ်။ မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ စီမံကိန်းတွေ နောက်တခါ အများပြည်သူတွေ သာယာမှုတွေအတွက် ပန်းခြံတွေ၊ ဒါတွေက သူစီမံကိန်း ချသွားတယ်ပေါ့။ ဒီစီမံကိန်းတွေ အောင်မြင်နိုင်ဖို့အတွက် ကျနော်တို့တွေ ကြိုးစားရမှာပေါ့။ သူ့ရဲ့ လမ်းညွန်မှု မဟုတ်ပါဘူး။ သူလုပ်ခဲ့တဲ့ စီမံကိန်းတွေက ကောင်းမွန်တဲ့အတွက် နောက်တက်လာတဲ့ ကျနော့်အနေနဲ့ ဒါကို အောင်မြင်အောင်တော့ လုပ်ရမှာပေါ့။ ဦးမောင်မောင်အုန်းအနေနဲ့ ဒါလုပ်ပါ။ ဟိုဟာ လုပ်ပါ ဆိုတာမျိုးတော့ မဟုတ်ပါဘူး။
မေး ။   ။ ဦးမောင်မောင်အုန်း လက်ထက်က ရေးဆွဲခဲ့တဲ့ စီမံကိန်း လုပ်ကွက်တချို့က ကန်ထရိုက်ပေးတဲ့အခါမှာ သိပ်ပြီး ပွင့်လင်း မြင်သာမှု မရှိခဲ့ဘူးဆိုပြီး သတင်းတချို့လည်း ထွက်နေပါတယ်။ ၀န်ကြီးချုပ်ကို လွှဲပြောင်းပေးတဲ့ အခါမှာရော စာရင်းဇယားတွေ အချက် အလက်တွေက တိကျခိုင်မာမှု ရှိလား။
ဖြေ ။   ။ ဦးမောင်မောင်အုန်း အနေနဲ့ကတော့ ဒီစီမံကိန်းတွေနဲ့ ပတ်သက်လို့ ဦးဥတ္တမ` ခန်းမမှာ ပြည်သူများကို အလီလီ အကြိမ်ကြိမ် ချပြမှုလုပ်တယ်လေ။ လုပ်တဲ့အတွက် ပြည်သူကလည်းသိပြီးသား ဖြစ်နေတယ်။ ပြည်သူက သဘောမကျဘူးဆိုရင် ဒီစီမံကိန်း အပေါ်မှာ စောဒကတွေ တက်လာရမှာပေါ့။ တရားဝင် Complaint တက်တာ မရှိတဲ့အတွက် သူလုပ်ခဲ့တဲ့ ဒီမံကိန်းတွေ ပွင့်လင်းမြင် သာပါတယ်လို့ပဲ ကျနော် ပြောလိုပါတယ်။
မေး ။    ။ ၀န်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် ၇ လ သက်တမ်း ဒီကြားကာလမှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာခဲ့ရင် ဘယ်လို ကိုင်တွယ် ဖြေရှင်းသွားမလဲ။ ရခိုင်ပြည်နယ်ကတော့ လူမျိုးရေး ဘာသာရေး ပြဿနာတွေ ရှိနေတဲ့ နေရာတခု ဆိုတော့လေ။
ဖြေ ။    ။ ဒါကတော့ဗျာ။ ဖြစ်လာမယ့်ဟာကို ကျနော်တို့ မစဉ်းစားသေးဘူး။ ဖြစ်လာရင် ဘယ်လိုကာကွယ်မလဲ ဆိုတာကိုပဲ ကျနော် တို့ စဉ်းစားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က အခု တည်ငြိမ်နေပြီ။ တည်ငြိမ်စ ဖြစ်လာမယ့်ဟာတစ်ခုကို ပိုပြီးတော့ တည်ငြိမ်အောင်ပဲ ကျနော်တို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဟိုဘဂါင်္လီတွေဘက်ကလည်း ငြိမ်းချမ်းနေပြီ ဆိုတော့ ဖြစ်လာရင် ဘယ် လို ကာကွယ်မယ်ဆိုတဲ့ လုံခြုံရေးစီမံချက်များ ဆွဲထားပြီးသား ဆိုတော့ ကျနော်တို့ အဲဒီလုံခြုံရေး စီမံချက်အပေါ်မှာပဲ မူတည်ပြီး ဥပဒေအတိုင်း ကိုင်တွယ် ဖြေရှင်းသွားမှာပါ။
မေး ။   ။ အခုအခါမှာ ရခိုင်ပြည်သူတွေက ကိုယ့်ရခိုင်ပြည်နယ်မှာ ကိုယ့်ရခိုင်တိုင်းရင်းသား ၀န်ကြီးချုပ် ဖြစ်ခွင့် ရသွားပြီဆိုပြီး ရခိုင်ပြည်သူတွေက တော်တော်ကြီး ၀မ်းသာပီတိတွေနဲ့ ပြောဆိုနေကြပြီ။ ဦးမြအောင် အနေနဲ့ ရခိုင်လူထုအကျိုးကို ကာကွယ် လုပ်ဆောင် ပေးနိုင်လိမ့်မယ်။ လွတ်လပ်စွာ လုပ်ပိုင်ခွင့်တွေ ရရှိလိမ့်မယ်လို့ ထင်ပါသလား။ ဦးမောင်မောင်အုန်းကတော့ Full Power အပြည့်နဲ့ ကိုင်တွယ်အုပ်ချုပ်ခဲ့တာ။
ဖြေ ။    ။ ကျနော့်အနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ရခိုင်သားတယောက် ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ မျော်လင့်ချက် တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် တတ်နိုင်သလောက် ကြိုးစားသွားမယ်။ နောက်တခါ ခုနကပြောတဲ့ ပြည်ထောင်စုအဆင့် အစိုးရ ဆိုတာကလည်း တပ်မတော်က လုပ်တဲ့လူရယ်။ ပြည်သူက ရွေးချယ်ပေးလိုက်တဲ့ လူရယ်လို့ ခွဲခြားမှုတော့ မရှိလောက်ပါဘူး။ လိုအပ်တဲ့ အတိုင်းအတာကိုတော့ အတတ်နိုင်ဆုံး ပေါင်းစပ်ညှိနှိုင်းပေးလိမ့်မယ်လို့ မျှော်လင့်တယ်။
မေး ။   ။ လက်ရှိအခြေအနေမှာ သမ္မတကြီးက ဘာတွေ ညွန်ကြားလာပြီလဲဗျ။ သမ္မတကြီးအနေနဲ့ ခေတ္တ ၀န်ကြီးချုပ်ဖြစ်တဲ့ ဦးမြအောင်ကို ဦးမောင်မောင်အုန်းကဲ့သို့ ယုံယုံကြည်ကြည်နဲ့ လုပ်ပိုင်ခွင့်တွေကို ပေးလိမ့်မယ်လို့ မျှော်လင့်ပါသလား။
ဖြေ ။   ။ အခုအချိန်ထိတော့ သမ္မတကြီးအနေနဲ့ ညွန်ကြားလာတာ မရှိသေးဘူး။ ဒါပေမယ့်လည်း သမ္မတကြီးက ယုံကြည်လို့သာ အမိန့်ကြော်ငြာစာနဲ့ ကျနော့်ကို ခန့်တာပေါ့။ မဟုတ်ဘူးလား။ ဒီလောက် လူအများကြီးထဲမှာ ယုံကြည် စိတ်ချလို့သာ ကျနော့်ကို ခန့်တာပေါ့။ သမ္မတကြီး အနေနဲ့ကတော့ တိုက်ရိုက် ဖုန်းနဲ့ညွန်ကြားဖို့ ဆိုတာကလည်း ကျနော်က အဆင့်အများကြီး ငယ်ပါတယ်။ အရေးပေါ် လိုအပ်ရင်တော့ တိုက်ရိုက်ညွန်ကြားချင် ညွန်ကြားမှာပေါ့။
မေး ။   ။ ၀န်ကြီးချုပ် ဦးမြအောင် လက်ထက်မှာ ဘင်္ဂါလီ(မွတ်စလင်)အရေးကို ဘယ်လို ကိုင်တွယ်သွားမလဲ။
ဖြေ ။   ။ ဒါကတော့ အခုလုပ်တဲ့ အတိုင်းပဲ ဆက်သွားမှာပေါ့။ ၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့အညီ နိုင်ငံသား စိစစ်မယ်။ ဒီအတိုင်းပဲ ဆက်လုပ်သွားမယ်။
မေး ။   ။ ၀န်ကြီးချုပ်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေပြီ ဆိုတော့ ရခိုင်ပြည်သူတွေရဲ့ အသံကို ဘယ်လို နားထောင်ပါသလဲ။
ဖြေ ။   ။ ကျနော့်အနေနဲ့ ကွန်ရက်တွေနဲ့ နောက်တစ်ခါ CSO တွေနဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံနေတဲ့ အတွက် ရခိုင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အမြဲတမ်း နားထောင်လို့ ရပါတယ်။
မေး ။   ။ ၀န်ကြီးချုပ်အနေနဲ့ ဘာများ ဖြည့်စွက် ပြောချင်တာ ရှိပါသလဲ။
ဖြေ ။   ။ ဖြည့်စွက်ပြီး ပြောချင်တာက ကျနော့်အနေနဲ့ နိုင်ငံတော် သမ္မတကြီးက တရားဝင်ခန့်စာနဲ့ ခန့်ထားတဲ့ ၀န်ကြီးချုပ်ဖြစ်တဲ့ အတွက် ဘယ်သူ့ သြဇာလွှမ်းမိုးမှုကိုမှ မခံဘဲနဲ့ ကိုယ့်ဟာနဲ့ကိုယ် ဘောင်ထဲက ဥပဒေအတိုင်း ပြည်ထောင်စု အစိုးရရဲ့ လမ်းညွန်ချက် နဲ့ အညီ ကျနော်တို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ဖို့အတွက်ပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  ။

Credit To >>> Irrawaddy News

0 comments:

Post a Comment