8.9.15

စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် လုံခြုံရေး အထူးအဆင့် သတ်မှတ်စောင့်ကြည့်မည်

ရွေးကောက်ပွဲကာလတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်နိုင်သဖြင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ် သုံးခုကို လုံခြုံရေး အထူးအဆင့်ဖြင့် သတ်မှတ်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

အဆိုပါ မြို့နယ်သုံးခုတွင် ဖြစ်ပေါ်လာသည့် အဖျက်အမှောင့် လုပ်ငန်းတွေကို ကြိုတင်ကာကွယ်နိုင်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပေါက်တော၊ ရမ်းဗြဲမြို့နယ်များကို စောင့်ကြည့်အဆင့် သတ်မှတ်ထားကြောင်း ၎င်းက ဆိုသည်။
“ရွေးကောက်ပွဲကြီး ပျက်ပြားသွားအောင် နိုင်ငံရေး အမြတ်ထုတ်တဲ့ နည်းလမ်းတွေဟာ ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်း ကာလကလို အဖျက်အမှောင့်တွေ ဖြစ်လာနိုင်တယ်” ဟု ရဲမှူးကြီး နေမျိုးက သုံးသပ်သည်။
ရွေးကောက်ပွဲတွင် ယာယီသက်သေခံကတ် (White Card) ကိုင်ဆောင်သူများ မဲထည့်ခွင့် မရသဖြင့် ရွေးကောက်ပွဲကာလ၌ မောင်တော၊ ဘူးသီးတောင်မြို့နယ်များတွင် ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ (RSO) ၏ လှုပ်ရှားမှုများ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
စစ်တွေမြို့တွင်လည်း ဒုက္ခသည်စခန်းများတို့တွင် အဖျက်အမှောင့် လုပ်မည့်သူများ ဝင်ရောက်နိုင်သဖြင့် မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက တပ်မတော်၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်း၊ လုံခြုံရေးတာဝန်ရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ရဲမှူးကြီးနေမျိုးက ပြောကြားသည်။
မောင်တော၊ ဘူးသီးတောင်တို့တွင် နယ်မြေခံရဲတပ်ဖွဲ့အပြင် နယ်ခြားစောင့် ရဲတပ်ရင်းများကလည်း လုံခြုံရေးတာဝန်ယူမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“မဲရုံလုံခြုံရေးသာမက နယ်စပ်ခြံစည်းရိုး တစ်လျှောက် ဂိတ်ပေါက်တွေမှာ အဝင်အထွက်မရှိဖို့ အဖျက်အမှောင့် မရှိဖို့ ဒါကိုလည်း ခုကတည်းက အာရုံစိုက် ဆောင်ရွက်နေတယ်” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲကာလ အတွင်း အထူးရဲ ၂၅၀၀ ကျော်ကိုလည်း တာဝန်ပေးအပ်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

Credit To >>> The Voice Daily

0 comments:

Post a Comment