8.9.15

သမ္မတ၏ တရုတ်ခရီးစဉ်အတွင်း မြစ်ဆုံဆည်တည်ဆောက်မည့် CPI ကုမ္ပဏီနှင့် တွေ့ဆုံခဲ့သော်လည်း မြစ်ဆုံဆည်ကိစ္စ မဆွေးနွေးခဲ့ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြောကြား

 
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြစ်ဆုံဆည် တည်ဆောက်မည့် CPI ကုမ္ပဏီနှင့် တွေ့ဆုံခဲ့သော်လည်း မြစ်ဆုံဆည်ကိစ္စ မဆွေးနွေးခဲ့ ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

Eleven Media Group အနေဖြင့် သမ္မတ၏ တရုတ်ခရီးစဉ်အတွင်း မြစ်ဆုံဆည် တည်ဆောက်မည့်  CPI ကုမ္ပဏီနှင့် သီးခြားတွေ့ဆုံခဲ့ခြင်းအပေါ် မေးမြန်းခဲ့ခြင်းဖြစ်ပြီး မြစ်ဆုံဆည်ကိစ္စနှင့်ပတ်သက်၍ မည်သည့် အကြောင်းအရာများဆွေးနွေးခဲ့ကြောင်း၊ မည်သို့သော ကတိက၀တ်ပြုမှုများ ရှိခဲ့ကြောင်းနှင့်ပတ်သက်၍ သမ္မတ၏ပြောရေးဆိုခွင့်ရှိသူထံ မေးမြန်းခဲ့ခြင်းဖြစ်သည်။
“CPI နဲ့ စက်တင်ဘာ ၃ ရက်မှာ တွေ့ပါတယ်။ တကယ်တော့ အဲ့ဒီကုမ္ပဏီက CPI မဟုတ်တော့ပါဘူး။ တရုတ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အရ အခြားကုမ္ပဏီ တစ်ခုနဲ့ပေါင်းပြီး အသစ်ပြန်ဖွဲ့ထားတာ တစ်လလောက်ပဲ ရှိပါသေးတယ်။ အမည်လည်း ပြောင်းလိုက်ပါတယ်။ ဥက္ကဋ္ဌလည်း ပြောင်းသွားပါပြီ။ ဒါ့ကြောင့် အဖွဲ့အစည်းအသစ် အနေနဲ့ လာမိတ်ဆက်တဲ့ တွေ့ဆုံမှုပါပဲ။ မြစ်ဆုံဆည်နဲ့ပတ်သက်လို့ ကုမ္ပဏီဘက်က ဘာ မှတင်ပြတာမရှိပါဘူး။ CPI တုန်းကလုပ်ထားတဲ့ ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းကနေ ကချင်ပြည်နယ်အတွင်း လျှပ်စစ်စတင်ဖြန့်ဖြူးမယ့်အခြေအနေ၊ ရေဘေးသင့်ဒေသများ အတွက် လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးကူညီနိုင်မယ့်အခြေအနေ၊ မြန်မာနိုင်ငံ ရေဘေးအခြေအနေနဲ့ တရုတ်နိုင်ငံရဲ့ ရေဘေးကာကွယ်ရေးအတွက် မြစ်ကြောင်းများ ထိန်းသိမ်းမှုအတွေ့အကြုံများကို အဓိကပြောခဲ့ပါတယ်” ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ကမ္ဘာ့ဖက်ဆစ်စနစ် ဆန့်ကျင်မှုအောင်မြင် သည့် နှစ် ၇၀ ပြည့် နှစ်ပတ်လည်အခမ်းအနားသို့တက်ရောက်ရန် စက်တင်ဘာ ၂ ရက် က မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ကမ္ဘာ့ဖက်ဆစ်စနစ် ဆန့်ကျင်မှု အောင်မြင်သည့် နှစ် ၇၀ ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ပြီး နောက်ညနေပိုင်းတွင် ချိုင်းနားဝေါလ်(ဒ်) ဟိုတယ်ဧည့်တွေ့ဆောင် အခန်း ၂ ၌ China Power Investment (CPI) ဥက္ကဋ္ဌ  Mr.Wang Binghua ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံကြောင်း စက်တင်ဘာ ၄ ရက်ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သော်လည်း မည်သည့်အကြောင်းအရာများ ပြောဆိုဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့ခြင်း မရှိခဲ့ချေ။
သမ္မတ ဒုတိယသက်တမ်းအတွက် တိုင်းပြည်အခြေအနေ၊ ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ ပြည်သူလူထု၏ အနေအထားအပေါ် မူတည်ပြီး ဆုံးဖြတ်မည်ဟု ပြောကြားထားသော သမ္မတ ဦးသိန်းစိန်သည် ခရီးစဉ်အတွင်း တရုတ်သမ္မတနှင့်လည်း တွေ့ဆုံခဲ့သည်။
စက်တင်ဘာ ၄ ရက်တွင်မူ တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေး၍ ရေဘေးသင့်ပြည်သူများ လူမှုစီးပွားဘ၀ ပြန်လည်ထူထောင်ရေးနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် အပါအ၀င် ဧရာဝတီမြစ်အောက် ပိုင်းဒေသများတွင် ရေကြီးရေလျှံမှု ကာကွယ်ရေးအတွက် ရေတားတမံများ အဆင့်မြှင့်တင်ရေးအပါအ၀င် လုပ်ငန်းများအတွက် ဖွံ့ဖြိုးရေးအကူအညီ ယွမ်သန်း ၉၀၀ ခန့်အကုန်အကျခံဆောင်ရွက်နိုင်မည့် အလားအလာများနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ ပြည်သူချင်းဆက်သွယ်မှု တိုးမြှင့်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး စသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း စက်တင်ဘာ ၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။
ထိုသို့ တွေ့ဆုံမှုတွင် ဧရာဝတီမြစ်ဝကျွန်းပေါ် အပါအ၀င် ဧရာဝတီမြစ်အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှု ကာကွယ်ရေးအတွက် ရေတားတမံများ အဆင့်မြှင့်တင်ရေးအပါအ၀င် လုပ်ငန်းများအတွက် ဖွံ့ဖြိုးရေးအကူအညီ ယွမ်သန်း ၉၀၀ ခန့် အကုန်အကျခံဆောင်ရွက်နိုင်မည့် အလားအလာများအကြောင်း ဆွေးနွေးခဲ့သော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအကြားပူးတွဲ ထုတ်ပြန်ချက်တွင် “တရုတ်-မြန်မာလယ်ယာစိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ကော်မတီနှင့် အစိုးရအဖွဲ့အစည်းများအကြား လျှပ်စစ်စွမ်းအားကဏ္ဍပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအား အပြည့်အ၀အသုံးချကာ အကျိုးတူဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် လယ်ယာကဏ္ဍ၊ လျှပ်စစ်စွမ်းအားကဏ္ဍ၊ ထုတ်လုပ်မှုစွမ်းရည်ကဏ္ဍ၊ ငွေကြေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်သွားရန် နှစ်ဖက်စလုံးမှ သဘောတူညီခဲ့ကြောင်း” ဖော်ပြခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြားတည်ရှိသည့် အစဉ်အလာရှိသည့် ပေါက်ဖော်ဆက်ဆံရေးနှင့် ပတ်သက်၍ နှစ်ဖက်စလုံးမှ ချီးကျူးပြောဆိုခဲ့ပြီး လွန်ခဲ့သည့် (၆၅) နှစ်မှ စတင်ကာ သံတမန်ဆက်သွယ်ခဲ့ချိန်မှစ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်အပေါ် ခိုင်မာစွာ ရပ်တည်ကိုင်စွဲမှု၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများအပေါ် အခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် သိသာထင်ရှားသော တိုးတက်မှုများရရှိခဲ့ပါသည်။ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားများကို ဦးစားပေးပြီး တရုတ်-မြန်မာဆက်ဆံရေးလမ်းကြောင်းမှန်ပေါ်တွင် ဆက်လက် ချီတက်နိုင်ရန်အတွက် မဟာဗျူဟာမြောက် နှင့် ရေရှည်အမြင်ဖြင့် ပြောင်းလဲဆောင်ရွက်သွားရန် နှစ်နိုင်ငံစလုံး၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန် ကူညီမှုနှင့် အေးအတူ ပူအမျှ ရပ်တည်မှုအစဉ်အလာကို ဆက်လက်ကိုင်စွဲသွားရန် နှစ်ဖက်စလုံးက ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်ဟု နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရသစ်လက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၉ ရက် ရက်စွဲဖြင့် လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ ခဲ့ပြီး အဆိုပါအချိန်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်သူများ၏ ထောက်ခံမှုကို ရရှိခဲ့သူ ဖြစ်သည်။ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းကြောင်းကြေညာစဉ်က ဥက္ကဋ္ဌမှာ China Power Investment (CPI) လူကျိရှိုဖြစ်ပြီး လက်ရှိအချိန်တွင်  China Power Investment (CPI) ဥက္ကဋ္ဌမှာ Mr.Wang Binghua ဖြစ်သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရန် လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ပြီးနောက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုးရှိ မြစ်ဆုံဆည် တည်ဆောက်မည့် စီမံကိန်းရပ်ဆိုင်းမှုအပေါ် ပြန်လည်ဆွေးနွေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် တောင်းဆိုခဲ့သည်။ အဆိုပါတောင်းဆိုမှုတွင် ၂၀၀၆ ခုနှစ်တွင် ထိုစဉ်က မြန်မာအစိုးရနှင့် စတင်အဆိုပြု ဆွေးနွေးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် သဘောတူကန်ထရိုက် စာချုပ်ကို အေးရှားဝေါလ်ကုမ္ပဏီနှင့် တရုတ် စွမ်းအင်ကုမ္ပဏီတို့က ဆည်ဆောက်ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနအနေဖြင့် “တရုတ်ကုမ္ပဏီများ၏ တရားဝင်မှုအခွင့်အရေးကို နိုင်ငံများက အာမခံသင့်ကြောင်း၊ မြစ်ဆုံဆည်သည် တရုတ်နှင့် မြန်မာအကြား ပူးတွဲဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ကြောင်း၊ နှစ်ဖက်စလုံးက ဆက်လက်လေ့လာဆုံးဖြတ်သင့်ကြောင်း” ထုတ်ပြန်ခဲ့သည်။
 အဆိုပါ ထုတ်ပြန်ချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ် ဟောင်လေက ‘နှစ်ဖက်စလုံးက ခင်မင်ရင်း နှီးစွာ အကြံပြုပြီးတော့ ဒီလုပ်ငန်းစဉ်နဲ့ ဆက်နွှယ်တဲ့ ကိစ္စတွေကို သင့်တော်သလိုဆောင် ရွက်သင့်ပါတယ်’ ဟု ပြောကြားခဲ့သည်။
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ မည်သည့် ကန့်ကွက်မှုများ ရှိနေပါစေ ဘယ်တော့မှ နောက်ဆုတ်မည်မဟုတ်ကြောင်း အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ၂၀၁၁ ခုနှစ် စက်တင် ဘာ ၁၁ ရက်တွင် ပြောကြားခဲ့ပြီးနောက် ယင်းကို တာဝန်မှအနားပေးခဲ့သည်။         
Credit to>>>Eleven Media

0 comments:

Post a Comment