6.11.15

ဂျပန် အိုဒီအေ ချေးငွေဖြင့် ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများရှိ စီမံကိန်းသုံးခု၏ ချေးငွေသဘောတူစာချုပ်များ လက်မှတ်ရေးထိုးမည်


ဂျပန် အိုဒီအေ ချေးငွေဖြင့် ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများရှိ စီမံကိန်း သုံးခု၏ ချေးငွေသဘောတူ စာချုပ်များအား မကြာခင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း JICA Myanmar Office မှ Chief Representative Mr Keiichiro NAKAZAWA ၏ ပြောကြားချက်အရ သိရသည်။

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်နေသည့် ကူညီမှုများအနက် ကဏ္ဍ အသီးသီးရှိ စီမံကိန်း ၁၅ ခုမှ ၁၂ ခု၏ ချေးငွေသဘောတူ စာချုပ်များအား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသည့် လျှပ်စစ်နှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများရှိ စီမံကိန်း သုံးခု၏ ချေးငွေသဘောတူ စာချုပ်များအား မကြာခင် လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။

Loan Agreement လက်မှတ် ရေးထိုးမည့် စီမံကိန်း သုံးခုမှာ အရှေ့အနောက်စီးပွားရေး စင်္ကြံရှိ တံတားသုံးခု တည်ဆောက်မည့် စီမံကိန်း၊ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းနှင့် မဟာဓာတ်အားလိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းတို့ဖြစ်သည်။

“အရှေ့အနောက် စီးပွားရေး စင်္ကြံမှာ တံတားသုံးခု တည်ဆောက်ရေး စီမံကိန်း၊ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းနဲ့ မဟာဓာတ်အားလိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း စတဲ့ စီမံကိန်း သုံးခုကို လက်မှတ်ရေးထိုးဖို့ ဇူလိုင်လအတွင်း ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မဲခေါင်အစည်းအဝေးမှာ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီစီမံကိန်း သုံးခုရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းရှိပြီး မကြာခင် လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်” ဟု Mr Keiichiro NAKAZAWA က ပြောကြားသည်။

ဂျပန်နိုင်ငံသည် ၁၉၅၁ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံအား ကူညီမှုများအား စတင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၀ မှ စတင်ကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဦးတည် ကူညီပေးခဲ့သည်။ လက်ရှိ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား ပြန်လည်ပေးဆပ်စရာ မလိုသည့် ငွေကြေး အကူညီဖြစ်သည့် (Grand Aid)၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည့် (Technical Cooperation) နှင့် တစ်နှစ် ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ ပြန်လည် ပေးဆပ်ရမည့် (ODA) ချေးငွေပေးအပ်ခြင်း စသည့်ကဏ္ဍ သုံးရပ်ဖြင့် ကူညီလျက်ရှိသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment