6.11.15

ပြည်ထောင်စုအစိုးရအဖွဲ့အထိမ်းအမှတ် ငွေဒင်္ဂါး နေပြည်တော်နှင့် ရန်ကုန်၌ စတင်ရောင်းချပြီး မန္တလေး၌ နိုဝင်ဘာ ၆ ရက်တွင် ရောင်းချမည်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ယူဆောင်ရွက်ခဲ့သည့် သက်တမ်းအထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သော ငွေဒင်္ဂါးများကို ယနေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်း အရောင်းဆိုင်တွင် စတင်ရောင်းချခဲ့ပြီး စိတ်ဝင်စားမှုများပြားခဲ့ ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းရရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ဖွဲ့စည်းခဲ့ သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ပထမ သက်တမ်း အထိမ်းအမှတ်အဖြစ် ငါးထောင်ကျပ်တန် ငွေဒင်္ဂါးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စတင်ထုတ်ဝေခဲ့ပြီး နေပြည် တော်၊ ရန်ကုန်နှင့် မန္တလေး မြို့တို့ရှိ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းအရောင်းဆိုင်များ တွင် စတင်ရောင်းချပေးလျက်ရှိရာ မန္တလေးမြို့တွင် နိုဝင်ဘာ ၆ ရက်မှ စတင်၍ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ သိရသည်။
'' နေပြည်တော်မှာက ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်က စတင်ရောင်းချပါတယ်။ ညနေပိုင်းလောက်အထိ ငွေဒင်္ဂါး ၄ဝဝ ကျော်လောက် ရောင်းချပြီးသွားပါပြီ။ ရန်ကုန် အရောင်းဆိုင်မှာက ညနေ ၃ နာရီမှာ စတင်ရောင်းချပါတယ်။ အဲဒီမှာလည်း ငွေဒင်္ဂါး ၁ဝဝ ကျော် ရောင်းချပြီးသွားပါပြီ။ မန္တလေးမှာတော့ မနက်ဖြန်မှာ စတင်ရောင်းချဖို့အတွက် ပို့ပေးလိုက်ပါပြီ။ စိတ်ဝင်စားမှုများပြားပါတယ်။ မေးမြန်းမှုတွေလည်း များပါတယ်။ အမှတ် တရအနေနဲ့ သိမ်းထားချင်သူတွေ လာရောက် ဝယ်ယူကြပါတယ်။ နိုင်ငံခြားသားတွေလည်း စိတ်ဝင်စားမှုရှိတယ်လို့ သိရပြီး သံရုံးတွေက ဖုန်းဆက်မေးမြန်းတာတွေရှိတယ်လို့ သိရပါတယ်။ အဲဒီအတွက်ကိုလည်း သက်ဆိုင်ရာကို တင်ပြပြီး အကြောင်းပြန်ပေးသွားပါ့မယ်'' ဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း (နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။
အထိမ်းအမှတ် ထုတ်ဝေခဲ့သည့် ငွေဒင်္ဂါးသည် ငွေစင်ငွေသား ၉၂ ဒသမ ၅ဝ ရာခိုင်နှုန်း ဖြင့် သွန်းလုပ်ထားပြီး အလေးချိန် ၂ဝ ဂရမ်နှင့် အချင်း ၂၅ မီလီမီတာရှိသည်။ ငွေဒင်္ဂါး၏ အရှေ့ဘက်တွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ရိုက်နှိပ်ထားပြီး အထိမ်းအမှတ် တံဆိပ်အောက်တွင် ၅ဝဝဝ ကျပ်နှင့် ထုတ်လုပ်သည့်နှစ် ၂ဝ၁၅ ဟု ပါရှိသည်။ ငွေဒင်္ဂါး၏ အရှေ့ဘက် ပတ်လည်အပေါ်ဘက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရဟု လည်းကောင်း၊ အောက်ဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟုလည်းကောင်း ပါရှိသည်။
အထိမ်းအမှတ်ဒင်္ဂါး၏ ကျောဘက်တွင် တော်ဝင်ဆင်ဖြူတော်ပုံရိုက်နှိပ်ထားပြီး ဆင်ဖြူတော်ပုံ၏ အောက်တွင် 5000 Kyats နှင့် ထုတ်လုပ်သည့် ခုနှစ် 2015 ပါရှိသည်။ ငွေဒင်္ဂါးကျောဘက်ပတ်လည်အပေါ်ဘက်တွင် THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR ဟုလည်းကောင်း၊ အောက်ဘက် တွင် CENTRAL BANK OF MYANMAR ဟု လည်းကောင်းပါရှိသည်။
အဆိုပါ ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့် သွန်းလုပ်ခြင်းဖြစ်ပြီး ငွေဒင်္ဂါးတစ်ပြားကို ငွေကျပ် ၃ဝဝဝဝ ကျပ်နှုန်းဖြင့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း အရောင်းဆိုင်များတွင် ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။

Credit To >>> The Mirror Daily 

0 comments:

Post a Comment