6.11.15

You are here Home » 2015 General Election ရွေးကောက်ပွဲနေ့တွင် မဲရုံလေးသောင်းကျော်၌် ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူ တစ်သောင်းကျော် အပါအ၀င် နိုင်ငံရေးပါတီများမှ မဲရုံကိုယ်စားလှယ် သိန်းနှင့်ချီ စောင့်ကြည့်မည်


၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနေ့တွင် မဲရုံလေးသောင်းကျော်၌ ပြည်တွင်း၊ ပြည်ပမှ စောင့်ကြည့်လေ့လာသူ တစ်သောင်းကျော်အပါအ၀င် နိုင်ငံရေးပါတီများမှ မဲရုံကိုယ်စားလှယ် သိန်းနှင့်ချီ စောင့်ကြည့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ချက်အရ နိုင်ငံတကာသံရုံး ၃၂ ရုံးမှ  လေ့လာသူ ၄၇၀ ၊ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့ခြောက်ခုမှ ၄၆၅ ဦး၊ ဒီမိုကရေစီ နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတွက် အကူအညီပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်း ကိုးခုမှ ၁၈၃ ဦးအပါအ၀င် စုစုပေါင်း ပြည်ပလေ့လာစောင့်ကြည့်သူ ၁၁၁၈ ဦးရှိကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းမှ စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်း ၁၃ ခုမှ ၉၄၀၆ ဦး၊  ပြည်ပသတင်းမီဒီယာ ၄၅ ဖွဲ့မှ ၂၉၁ ဦး ရှိကြောင်းသိရသည်။

ပြည်တွင်းမှ စောင့်ကြည့်လေ့လာရေးအဖွဲ့ ၁၃ ဖွဲ့မှာ ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE)၊ အမျိုးသားလူငယ်ကွန်ဂရက် ၊ ဖန်တီးအိမ်၊ တိုင်းရင်းသားလူငယ်များကွန်ရက်၊ ဒါန-ရှေ့ဆောင်မြန်မာ၊ အောက်ချင်း လူမှုအဖွဲ့အစည်း (Hornbill)၊ ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်း၊ ရွေးကောက်ပွဲ ပညာပေးရေးနှင့် လေ့လာစောင့်ကြည့်ရေးမိတ်ဖက်များအဖွဲ့၊ မြန်မာလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးကွန်ရက်၊ Olive Branch  အဖွဲ့၊ CPRCGအဖွဲ့၊ ပညာအလင်းပွင့်မြန်မာသုတေသန၊ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းတို့ဖြစ်ကြောင်း သိရသည်။

ထို့အတူ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ မဲရုံပေါင်း လေးသောင်းကျော်ရှိမည်ဖြစ်သဖြင့် မဲရုံတစ်ရုံလျှင် နိုင်ငံရေးပါတီတစ်ခုမှ မဲရုံကိုယ်စားလှယ်တစ်ဦးနှင့်အကူ ကိုယ်စားလှယ်တစ်ဦး ထားရှိခွင့်ရှိသဖြင့်  အာဏာရပြည်ခိုင်ဖြိုးပါတီနှင့် အတိုက်အခံအင်အားကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် တစ်နိုင်ငံလုံးနီးပါး ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ထားသဖြင့် အဆိုပါနှစ်ပါတီ မှ မဲရုံများတွင် စောင့်ကြည့်မည့် မဲရုံကိုယ်စားလှယ်မှာ တစ်ရုံလျှင် တစ်ဦးနှုန်းထားရှိရုံဖြင့် စောင့်ကြည့်သူဦးရေ ရှစ်သောင်းခန့် ရှိမည်ဖြစ်သည်။

ထိုသို့ နိုင်ငံရေးပါတီများမှ မဲရုံများတွင် စောင့်ကြည့်မည့်ကိုယ်စားလှယ်များကို  ခန့်အပ်ထားပြီးဖြစ်ကြောင်းလည်း နိုင်ငံရေးပါတီ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

“မဲရုံထဲမှာ စောင့်တဲ့သူတွေက ဥပဒေတွေ၊ နည်းဥပဒေတွေ နားလည်ဖို့ လိုအပ်တယ်။ အဲဒီဥပဒေနည်းဥပဒေတွေကို ကြိုတင်မသိထားလို့ရှိရင် မဲရုံကိုယ်စားလှယ်တွေက ကန့်ကွက်တာပဲဖြစ်စေ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့သူတွေက စောင့်ကြည့်တာပဲဖြစ်စေ မသိလို့ရှိရင် ဥပဒေပြင်ပတွေ၊ ဥပဒေမဲ့မှုတွေဖြစ်လာမှာကို စိုးရိမ်မိတယ်။ မဲရုံတစ်ရုံလုံးရဲ့ အခင်းအကျင်း အပြင်အဆင်ပေါ်မှာ ဥပဒေနဲ့အညီ ကိုယ်က ဘယ်လိုနေရမယ်၊ ထိုင်ရမယ်ဆိုတာလေးတွေက အစသိဖို့ လိုအပ်တယ်” ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ခုဖြစ်သည့် CPRCG အဖွဲ့မှ ကိုမင်းသူဇင်က ပြောကြားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာသူအဖြစ် ပြည်တွင်းရှိ သံရုံးများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံဒေသတွင်းမှ လာရောက်သည့် စောင့်ကြည့်လေ့လာသူ အနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။

“အရင်တုန်းက ရွေးကောက်ပွဲဆိုရင် ကိုယ့်လူတွေပဲ ရှိတယ်။ အခုဟာက အပြင်လူတွေ ၀င်ခွင့်ရတယ်ဆိုတဲ့အတွက် ဘာလုပ်တယ်ဆိုတာ မြင်ခွင့်ရတာတစ်ခုပဲ ထူးခြားပါလိမ့်မယ်။ ကျန်တာကတော့ ဒီလောက်အထိ အများကြီး လွတ်လပ်ပြီးတရားမျှတမှုကိစ္စကို တစ်ခုတည်းနဲ့ ဖုံးအုပ်လိုက်လို့ မရပါဘူး။ အများကြီး စောင့်ကြည့်တာနဲ့တိုင်းလို့ မရဘူး။ ဒီမှာက ဘယ်သူ့ကိုမှ ပါဝင်ပတ်သက်ခွင့်ပေးတာ မဟုတ်ဘူး။ ငါတို့ဘာတွေ လုပ်နေတယ်။ မင်းတို့လာကြည့်ဆိုတာလောက်ပဲ ကြည့်ခွင့်ရတာ”ဟု ကိုမင်းသူဇင်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်တွင်းပြည်ပစောင့်ကြည့်လေ့လာသူများနှင့် ပတ်သက်၍ လိုက်နာရမည့် ကျင့်ဝတ်များလည်း ထုတ်ပြန်ထားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment