14.11.15

အာဏာလွှဲပြောင်းမပေးမီ ကြားကာလတွင် ပဋိပက္ခအသွင်ဆောင်မှုများ သတိထားသင့်ဟုဆို


နိုင်ငံ၏ အပြောင်းအလဲဖြစ်စဉ်များ၌ လက်ရှိအစိုးရ၏ အာဏာလွှဲပြောင်းမှုနှင့်အတူ ပဋိပက္ခအသွင်ဆောင် သည့်ကိစ္စရပ်များနှင့် အခြေအနေများကို သတိထားသင့်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်ပြသည်။

ထိုကဲ့သို့ကာလများတွင် ပြည်သူလူထု၏အသံကို အဓိကထားကာ ဆောင်ရွက်လုပ်ကိုင်သင့်ကြောင်း လေ့လာ သူများက ဆိုကြသည်။
''ဒီကာလမှာ တွေ့ရတတ်တာက ပြောင်းလဲမှုကို လိုချင်တဲ့လူရှိသလို၊ ပြောင်းလဲရမှာ ကြောက်တဲ့လူလည်း ရှိတယ်။ အဲဒီ နှစ်ခုကထိပ်တိုက်တွေ့တတ်တယ်။ ပြောင်းလဲရမှာကို အကျိုးယုတ်သွားမလားဆိုတဲ့ စိုးရိမ် စိတ်တွေ ရှိနေတတ်တယ်။ ဥပမာ ပါမောက္ခချုပ်တွေလိုမျိုးပေါ့။ အဓိကတော့ မပြောင်းလဲချင်တဲ့လူတွေကို အကြီးဆုံး၊ အမြင့်ဆုံးဆိုတဲ့ ရာထူးအာဏာတွေ ပေးထားတာ တွေ့ရတတ်တယ်'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာအာကာမိုးသူက ပြောသည်။

ထိုကဲ့သို့ ပြောင်းလဲမှုကို မလိုလား သည့် အခြေအနေများသည် အာဏာရှင် ဆန်သည့် တိုင်းပြည်၊ နိုင်ငံအများစုတွင် တွေ့ရလေ့ရှိကြောင်း နိုင်ငံရေးလေ့လာသူ များက ဆိုကြသည်။
''အဓိကတော့ ကိုယ့်တာဝန် ကိုယ် သိရမယ်။ ဒါမှပဲ ဒီမိုကရေစီကို သွားလို့ရ မယ်။ ဥပမာ-အကြောင်းအရာတခုခု ကြောင့် ပြည်သူတွေ ဆန္ဒပြတာကို အချိန်အားလို့ဆန္ဒပြနေတာလို့ပြောတဲ့အပြောမျိုး တွေက ပြည်သူ့ယုံကြည်မှုရဖို့ အားနည်းစေတဲ့အပြုအမူတွေပါ''ဟုနိုင်ငံရေးလေ့လာ သုံးသပ်သူတဦးက သုံးသပ် ပြသည်။
''အသွင်ကူးပြောင်းရေးကာလမှာ အာဏာမလွှဲပြောင်းပေးနိုင်တာတွေ၊ တိုင်းပြည်ကို မတည်ငြိမ်အောင် လုပ်သွားမှာတွေက စိုးရိမ်ရတယ်။ ကြောက်ရတယ်။ အဲဒီကိစ္စတွေက ပဋိပက္ခတွေကို ပိုပြီး ဖြစ်စေနိုင်တယ်။ ပြည်သူတွေဘက်ကလည်း အလွန်အကျွံအောင်ပွဲခံတာမျိုး မဖြစ်သင့်ဘူး။ နောက်တခုက Facebook မှာဆိုရင် အမုန်းစကားတွေ အများကြီးတွေ့ရတယ်။ အမုန်းပွားမှုတွေ ဖြစ်နေတယ်။ အရေးကြီးတာက အဲဒီလို အမုန်း စကားကို ရှောင်သင့်တယ်။ အနိုင်ရတယ်ဆိုပြီး အများအမြင်ကပ်အောင် မနေဖို့လိုတယ်။ တချို့ကိုယ်စားလှယ် တွေကို မကြေညာနိုင်သေးဘူး။ မဲဆွယ်ခွင့်မရတဲ့နေရာတွေမှာ အနိုင်ယူသွားတာတွေက ဘယ်လိုဖြစ် လာနိုင် မလဲ။ ဒီကြားထဲ နှစ်ဖက်က အပြစ်တွေရှာထားကြတာရှိတယ်။ တရားစွဲလာတဲ့အခါ ဘယ်လိုဖြစ်လာဦးမလဲ မသိသေးဘူး''ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ Political Education ဆရာတဦးဖြစ်သည့် ကိုထက်အောင်လင်းက သုံးသပ်ပြသည်။
ကနဦးကာလများတွင် ရွေးကောက်ပွဲကော်မရှင်၏ အနိုင်အရှုံးရလဒ်များ ကြေညာမှုအချိန်ကာ ကြာမြင့်ခဲ့လျှင် လည်း ပဋိပက္ခများဆီသို့ ဦးတည်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
ယခု ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ၏ထောက်ခံမှုကို NLD ပါတီမှ ရရှိခဲ့ကြသကဲ့သို့ အဆင်ပြေစွာ ပြီးမြောက်ခဲ့ကြောင်း လူ့ဘောင်သစ် ပါတီ (မြန်မာ) မှ ဥက္ကဋ္ဌကိုအောင်မိုးဇော်က ပြောသည်။
''ရွေးကောက်ပွဲမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးမြောက်ခဲ့ပါတယ်။
ကျွန်တော်တို့ ထင်တာထက် ပြည်သူက ပိုသိတယ်။ တချို့ ပြဿနာတွေ ဖန်တီးနေတာ ပြည်သူထဲက ဟုတ်ချင်မှဟုတ်မှာပါ။ လက်ရှိ နိုင်ငံရေးအခြေ အနေအောက်မှာ လက်ရှိ အစိုးရကနေ အနိုင်ရပါတီကို အာဏာချောချောမောမော လွှဲပြောင်းပေးဖို့ကိစ္စက အရေးကြီးဆုံးဖြစ်တယ်။ အကယ်၍ အာဏာကို ချောချောမွေ့မွေ့လွဲနိုင်ပြီး နောက်မှာ အခြားနိုင်ငံရေး ပါတီ တွေပဲဖြစ်ဖြစ်၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ် လုပ်ရကိုင်ရတာ ပိုပြီးကောင်းမွန်မယ်လို့ ထင်တယ်''ဟု ဦးအောင်မိုးဇော် က ပြောသည်။

Credit To >>> NewsWatch Journal 

0 comments:

Post a Comment