14.11.15

မြန်မာ့ ရွေးကောက်ပွဲအပြီး တရုတ်နိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေး ဆက်လက် ထားရှိမည်ဟု ယုံကြည်ကြောင်း တရုတ် နိုင်ငံခြားရေး ၀န်ကြီး ပြောကြား

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ချောမွေ့စွာ ကျင်းပနိုင်ခြင်းကို ၀မ်းသာကြောင်းနှင့် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေး ဆက်လက် ထားရှိမည်ဟု ယုံကြည်ကြောင်း တရုတ် နိုင်ငံခြားရေး ၀န်ကြီး Wang Yi က ပြောကြားသည်။

မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံချိန်တွင် တရုတ် နိုင်ငံခြားရေး ၀န်ကြီး Wang Yi က “မြန်မာနိုင်ငံမှာ အရေးပါတဲ့ ရွေးကောက်ပွဲကို ချောချောမွေ့မွေ့ ကျင်းပနိုင်တဲ့အတွက် တရုတ်နိုင်ငံ အနေနဲ့ ၀မ်းသာပါတယ်။ အိမ်နီးချင်းကောင်း အဖြစ် တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ မတူညီတဲ့ ပါတီတွေ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အတူတကွ ပူးပေါင်း လုပ်ကိုင်ပြီးတော့ တည်ငြိမ် အေးချမ်းပြီး စည်းစည်း လုံးလုံးဖြစ်ဖို့ လိုလားပါတယ်” ဟု ဆိုသည်။
ထိုကဲ့သို့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို ထောက်ပံ့ ကူညီမှု ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် နည်းလမ်း အချို့ကို ပြောင်းလဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အပေါ်ထားရှိသည့် ရင်းနှီးစွာ ဆက်ဆံရေး မူဝါဒကို ပြောင်းလဲမည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ချောမွေ့စွာ ကျင်းပနိုင်ခြင်းအတွက် တရုတ်နိုင်ငံမှ ၀မ်းသာကြောင်း စကားပြောခဲ့သော်လည်း အဆိုပါ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တရုတ် အစိုးရမှ ဂုဏ်ပြုစကား ပြောကြားရန် ရှောင်ရှားနေကြောင်း AFP သတင်းဌာနတွင် ဖော်ပြထားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment