14.11.15

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အောင်နိုင်မှုကို SNLD နှင့် KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်တို့က ဂုဏ်ပြုစာများ ပေးပို့


အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက မဲဆန္ဒနယ် အများစုတွင် အနိုင်ရပြီး အစိုးရဖွဲ့နိုင်မည့်အပေါ် ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) နှင့်အခြား နိုင်ငံရေး အဖွဲ့အစည်းများက ဂုဏ်ပြုစာများ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ နိုဝင်ဘာ ၁၂ ရက်က ပေးပို့ခဲ့သော အိတ်ဖွင့်ပေးစာ၌ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်အမတ် နေရာအများဆုံး အနိုင်ရရှိသည်ကို လှိုက်လှဲစွာ ဂုဏ်ယူ ၀မ်းမြောက်ပါကြောင်း ဖော်ပြထားသည်။
ထို့ပြင်နှစ်ပေါင်းများစွာ ပြည်သူလူထုမှ မျှော်မှန်းထားသည့် ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခွင့်ရသည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးကို ယနေ့တွေ့မြင် နေရပြီဖြစ်ကြောင်းနှင့် မိမိအနေဖြင့် ဖြစ်စေ၊ ကရင်အမျိုးသား အစည်းအရုံး အနေဖြင့်ဖြစ်စေ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့်ဖြစ်စေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ အစိုးရ ဖြစ်ပေါ်လာပါက စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရန် အထူးမျှော်မှန်း ထားကြောင်းလည်း ဖော်ပြထားပြီး အနာဂတ် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်သွားရန် ဆန္ဒပြုကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်” အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် အများစုတွင် အနိုင်ရရှိခဲ့ခြင်းအတွက် မိမိတို့ “ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်” အနေဖြင့် ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြုချီးကျူး ပါကြောင်းလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က နိုဝင်ဘာ ၁၂ ရက်က ဂုဏ်ပြုစာ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
ထို့ပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ရွေးကောက်ပွဲတွင် အများဆုံး အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ အားလုံးကိုလည်း ဂုဏ်ပြုချီးကျူးခဲ့ပြီး ရွေးကောက်ပွဲ၏ ရလဒ်ကို အခြေခံလျက် တွေ့ဆုံဆွေးနွေး မှုများမှတစ်ဆင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးတို့ကို အလေးထား အကောင်အထည် ဖော်ကြရန်လည်း နိုဝင်ဘာ ၁၂ ရက်တွင် သဘောထားထုတ်ပြန် တိုက်တွန်းထားသည်။
 
 
Credit To >>> Eleven Media Group

0 comments:

Post a Comment