11.3.16

ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ဓာတ်အားခွဲရုံတည်ဆောက်လျက်ရှိ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများနှင့်အတူ မတ် ၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် တည်ဆောက်လျက်ရှိသော 230/66/11 KV(2x125) MVA (GIS) ဓာတ်အားခွဲရုံသို့ ရောက်ရှိသည်။

ရှေးဦးစွာ တာဝန်ရှိသူများက 230/66/11 KV (2x125) MVA(GIS) ဓာတ်အားခွဲရုံ တည်ဆောက်ရေးနှင့်ပတ်သက်၍ မြို့ပြဆိုင်ရာလုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ဓာတ်အားခွဲရုံ ပိုင်းဆိုင်ရာလုပ်ငန်းများအတွက် Control Building တည်ဆောက်ပြီးစီးမှု၊ Transformer တပ်ဆင်ပြီးစီးမှုနှင့် GIS ပစ္စည်းများ တပ်ဆင်ပြီးစီးမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက GIS ဓာတ်အားခွဲရုံသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး တည်ဆောက်သည့် 230/66/11 KV (2x125)MVAဓာတ်အားခွဲရုံကြီးဖြစ်ကြောင်း၊ နိုင်ငံခြားသားပညာရှင် အထောက်အကူဖြင့် ဆောင်ရွက်လျက်ရှိရာ ခွဲရုံရှိအင်ဂျင် နီယာများအနေဖြင့် ပညာကြိုးစားရယူရန် လိုကြောင်း၊ နောင်တည်ဆောက်မည့် GIS ခွဲရုံများကို မိမိတို့ကိုယ်တိုင် ဦးဆောင်တည်ဆောက်နိုင်သည်အထိ တတ်ကျွမ်းအောင် လေ့လာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သတ်မှတ်ကာလအတွင်း စီမံကိန်းအချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားခွဲရုံအတွင်း တပ်ဆင်တည်ဆောက်ထားသော GIS Switch Gear များ Transformer များကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး Control Room အတွင်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယခု တည်ဆောက်လျက်ရှိသော 230/66/11 KV (2x125) MVA (GIS) ဓာတ်အားခွဲရုံသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးတည်ဆောက်သော ခေတ်မီဓာတ်အားခွဲ ရုံတစ်ခုဖြစ်ပြီး အဆိုပါ ဓာတ်အားခွဲရုံတည်ဆောက်ပြီးစီး ပါက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ရွှေပေါက္ကံမြို့နယ်၊ ဝေဘာဂီမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်တို့သို့ 66 KV ဖီဒါ လေးခုဖြင့် ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
GIS နည်းပညာသုံးဓာတ်အားခွဲရုံအနေဖြင့် ဖွဲ့စည်းပုံ ကျစ်လျစ်သဖြင့် မြေနေရာ အခက်ခဲရှိသည့် မြို့တွင်းနေရာ၊ တောင်တန်းဒေသ၊ ပင်လယ်ကမ်းရိုးတန်းနှင့် မြေအောက် နေရာများတွင် တည်ဆောက်ရန် အထူးသင့်လျော်ကောင်းမွန် ခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုဖြစ်နိုင်ခြေ နည်းပြီး ဓာတ်အားပို့လွှတ်ရာတွင် သမားရိုးကျစနစ်ထက် ပို၍စိတ်ချရခြင်း၊ ဓာတ်အားခွဲရုံတွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအတွက် အန္တရာယ်ကင်းဝေးစေခြင်း၊ ကြွေသီးအသုံးပြုမှုနည်းသဖြင့် ပိုမိုပြင်းထန်သော မြေငလျင်ဘေးဒဏ် ပိုမိုခံနိုင်ရည်ရှိခြင်း၊ ဓာတ်အားခွဲရုံအတွင်း တပ်ဆင်ရသော အစိတ်အပိုင်းများ၏ နည်းပညာမြင့်မားခြင်းကြောင့် ဓာတ်အားပျောက်ဆုံးမှု ပိုမိုနည်းပါးစေခြင်း၊ 230/66/11 KV ဒဂုံ(အရှေ့) (GIS) ပင်မဓာတ်အားခွဲရုံ တည်ဆောက်ရာတွင် ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၆၉၄ သန်းခန့်ရှိပြီး တည်ဆောက်ရေးစရိတ် ၁၁၂၅၆ ဒသမ ၆၉ သန်းရှိ၍ ကနဦးကုန်ကျစရိတ် အနည်းငယ်များသော်လည်း နှစ်စဉ်ပြုပြင်ထိန်းသိမ်းစရိတ် အလွန်နည်းပါးသည့်အတွက် ရေရှည်တွင် များစွာပိုမို အကျိုးရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment