11.3.16

အင်းလေးဒေသမှ ကျွန်းတိုင်လုံးပေါင်း ၆ဝဝ ကျော်ရှိ ရှေးဟောင်းကျောင်းတော်ကြီးသို့ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည် လာရောက်မှုများပြာ


ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ လွန်ခဲ့သောနှစ်ပေါင်း ၁၇ဝ ခန့်က ကျွန်းတိုင်လုံးပေါင်း ၆ဝဝ ကျော်ဖြင့် ရှေးဟောင်းဗိသုကာ လက်ရာများကို အသုံးပြုကာ တည်ဆောက်ထားသော ရှေးဟောင်းကျောင်းတော်ကြီး (ငါးဖယ်ချောင်းကျောင်း) အား ယနေ့တိုင်ပြုပြင်ထိန်းသိမ်းထားသဖြင့် အင်းလေး ဒေသရောက် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်လေ့လာလျက်ရှိကြောင်း သိရသည်။

ငါးဖယ်ချောင်းကျောင်းတော်ကြီးသည် ညောင်ရွှေ မြို့နယ် အင်းလေးဒေသ ငါးဖယ်ချောင်းကျေးရွာတွင် တည်ရှိသည်။ အဆိုပါကျောင်းတော်ကြီးသည် သက္ကရာဇ် ၂ဝ၅ ခုနှစ်က တည်ဆောက်ခဲ့ကြောင်း၊ ကျွန်းတိုင်လုံးပေါင်း ၆ဝဝ ကျော်ရှိ၍ တိုင်တစ်လုံး၏ပတ်လည်မှာ သုံးပေကျော်ရှိပြီး ထုပ်စွပ်၊ လျောက်စွပ်ဖြင့်ဆောက်လုပ်ထားကာ အရှေ့အနောက် အရှည် ၂၁၅ ပေ၊ တောင်မြောက် အရှည်မှာ ပေ ၁၆ဝ ခန့်ရှိသော ရှေးဟောင်းဗိသုကာလက်ရာများနှင့်တည်ဆောက်ထားပြီး ပျဉ်ကာ၊ သွပ်မိုး၊ ပျဉ်ခင်းထားသည်။ ထို့အပြင် ရှေးယခင်က ပလ္လင်တော်နှင့် ဘုရားစံကျောင်းတော်အမျိုးမျိုးကို အနုစိတ်လက်ရာများဖြင့် ထုလုပ်ထားခြင်းနှင့် အခြားရှေးဟောင်းပစ္စည်းမျိုးစုံကိုလည်း လေ့လာနိုင်သည်။
အဆိုပါ ရှေးဟောင်းကျောင်းတော်ကြီး၏အတွင်းမှာရှိသော ရှေးဟောင်းလက်ရာ ပလ္လင်တော်၊ စံကျောင်းတော်နှင့် ပုံတော်အမျိုးမျိုးကို ယခုတိုင်မြင်တွေ့နေရခြင်းသည် ယခင်ကုသိုလ်ရှင် သားစဉ်မြေးဆက်များက ယနေ့တိုင် ပံ့ပိုးကူညီလှူဒါန်းခဲ့ကြသော အလှူငွေများနှင့်ပြုပြင်မွမ်းမံ ခဲ့ရာမှ မူလကျောင်းတော်ကြီးပုံနှင့် အတွင်းအပြင်ရှိ မူလပုံစံအတိုင်း အစားထိုးခြင်းနှင့် မိုးယိုသည့်နေရာများကို မိုးလုံအောင်ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြသည်။ ကျောင်းထိုင် အဆက်ဆက်က လက်ဆင့်ကမ်းထိန်းသိမ်းပံ့ပိုးကူညီ စောင့်ရှောက်ခဲ့ကြကာ အင်းလေးဘုရားဖူးလာသူများ ကလည်း အလှူငွေများ လှူဒါန်းခဲ့ကြသောကြောင့် ရှေးဟောင်းဗိသုကာလက်ရာများဖြင့် တည်ဆောက်ခဲ့သော ကျောင်းတော်ကြီးနှင့် အတွင်းရှိ အနုစိတ်လက်ရာ အမျိုးမျိုးကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
Credit To>>> မြ၀တီ

0 comments:

Post a Comment