5.4.16

တိမ်းမှောက်ယာဉ်ပေါ်မှ တရားမဝင်သစ်ခွဲသားများဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆ အနီးတွင် ယနေ့ (ဧပြီလ ၄ရက်) နံနက် ၄ နာရီခန့်က လမ်းဘေးထိုးကျခဲ့သည့် ကန်တာအမျိုးအစား မော်တော်ယာဉ်ပေါ်မှ
တရားမဝင်တင်ဆောင်လာသည့် သစ်ခွဲသား ၃ တန်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၃ လမ်းဆုံ အမြန်လမ်းရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရှိရသည်။

ယာဉ်မောင်းနှင်လာသူမှာ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့တွင်နေထိုင်သော အသက် ၂၃ နှစ်အရွယ် ဦးအောင်ရှိန်းဆိုသူဖြစ်ပြီး ယနေ့(ဧပြီလ ၄ ရက်) နံနက် ၁၂ နာရီခွဲခန့်က ရန်ကုန်မြို့သို့ထွက်ခွာလာစဉ် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အမြန်လမ်း မိုင်တိုင်အမှတ် ၁၆ အနီးတွင် အိပ်ငိုက်ပြီး လမ်းဘေးသို့ထိုးကျရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းနှင့် ယာဉ်ပေါ်လိုက်ပါလာသူနှစ်ဦးစလုံးထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း အမှတ် ၃ လမ်းဆုံ အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်ပြီး ယာဉ်မောင်းဦးအောင်ရှိန်းကို လှည်းကူးမြို့နယ် သစ်တောရုံးက သစ်တောအက်ဥပဒေပုဒ်မ ၄၂(ခ)အရ လည်းကောင်း ၊အမြန်လမ်းရဲတပ်ဖွဲ့ စခန်းက
ယာဉ်(ပ)၁၀/၂၀၁၆ ယာဉ်မဆင်မခြင်မောင်းနှင်မှုပုဒ်မ ၃၃၇/၃၃၈ အရ လည်းကောင်း အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း အမှတ် ၃ လမ်းဆုံအမြန်လမ်းရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment