5.4.16

စီးပွားရေးဆန်သော သင်္ကြန်မဏ္ဍပ်များ ခွင့်မပြုသော်လည်း လက်တစ်လုံးခြားလုပ်လာနိုင်ဟု မဏ္ဍပ်စီစဉ်သူများထံမှသိရ

ယခုနှစ် သင်္ကြန်ပွဲတော်ကာလတွင် စီးပွားဖြစ်လုပ်ကိုင်မည့် ရေကစားမဏ္ဍပ်များကို ခွင့်မပြုသော်လည်း လုပ်ငန်း ရှင်အချို့က လက်တစ်လုံးခြားလုပ် ကိုင်ဆောင်ရွက်လာနိုင်ကြောင်း ရေကစားမဏ္ဍပ်ဆောက်ရန် စီစဉ်နေသူများထံမှ သိရသည်။

''မိသားစုမဏ္ဍပ်အဖြစ်နဲ့ ကိုယ့်အိမ်တွေ၊ ခြံတွေရှေ့မှာပဲ ခွင့်ပြုမယ်ဆိုတော့ လုပ်ငန်းရှင်တချို့လည်း နေရာငှားရမ်းပြီး လုပ်ကိုင်ဖို့ စီစဉ်နေ တာတွေရှိတယ်။ အဲဒီလိုအခြေအနေတွေကြောင့်လည်း မဏ္ဍပ်မှာ ရေကစားချင်သူတွေအတွက်တော့ ရေကစားခွင့်ရမယ့် လက်မှတ်ခက ကြီးမြင့်လာနိုင်တယ်''ဟု ကုမ္ပဏီ မိသားစုမဏ္ဍပ်ဆောက်ရန် စီစဉ်နေသူ တစ်ဦးကပြောသည်။
ရန်ကုန်မြို့၏ အချက်အချာကျသော လမ်းမကြီးများပေါ်တွင် မြေနေရာ၊ အိမ်ရာခြံဝင်းများ ပိုင်ဆိုင်ထားသူများ က မိမိတို့ကုမ္ပဏီလုပ်ငန်း၏ မိသားစု ရေကစားမဏ္ဍပ်ဆောက်ရန် စီစဉ်မှု များရှိသလို အချို့မှာ ပွဲစားများက တစ်ဆင့် လိုက်လံစုံစမ်း၍ ငှားရမ်းရန် ပြင်ဆင်မှုများရှိနေပြီး ငှားရမ်းခသည်လည်း သင်္ကြန်မတိုင်မီ မဏ္ဍပ် ဆောက်ရန် တစ်ရက်၊ ရေကစားရန် ငါးရက်၊ မဏ္ဍဖျက်သိမ်းရန် တစ်ရက် တို့ အပါအဝင် ခုနစ်ရက်စာ အတွက် ငှားရမ်းသွားရန် စီစဉ်နေကြခြင်းဖြစ်သည်။
ထို့ကြောင့် မြေနေရာ၊ အိမ်ရာခြံ ဝင်းပိုင်ရှင်များက ယင်းခုနစ်ရက်စာကို ငှားရမ်းခ ကျပ်သိန်းရာဂဏန်းအထိ ဈေးခေါ်မှုများရှိနေကြောင်း ပွဲစားတစ်ဦးက ပြောသည်။ ''ကျွန်တော့် မိတ်ဆွေက ရှာခိုင်းလို့ ငှားဖို့လိုက်ရှာတာ ဈေးတွေက အရမ်းများတယ်။
ဒီသင်္ကြန်ရက်လေးနဲ့ မဏ္ဍပ် ဆောက်/ဖျက်တဲ့ ရက်တွေအပါအဝင်ကို သိန်းရာဂဏန်းတောင်းကြတယ်။ နေရာကောင်း၊ မကောင်းဆိုတဲ့အပေါ်လည်း မူတည်တာပေါ့။ ဆင်ခြေဖုံး တချို့မြို့နယ်တွေမှာတောင်မှ သိန်း ၅ဝ-၆ဝ လောက်ရှိတယ်''ဟု ၎င်းက ရှင်းပြသည်။ လွန်ခဲ့သည့်နှစ်က မဏ္ဍပ်ထိုင်၍ ရေကစားရန်လက်မှတ်ခမှာ တစ်ရက်လျှင် ကျပ် ၁၅ဝဝဝ မှ ၂ဝဝဝဝ ကြားရှိပြီး သင်္ကြန်ရက်အားလုံးအတွက် လက်မှတ်ဝယ်ပါက ဈေးလျှော့လေ့ရှိသော်လည်း တစ်ရက်တာအတွင်းဝယ်ပါက ဈေးများကာ သင်္ကြန်အတက်နေ့တစ်ရက်တည်း အတွက်ကိုမူ အခြားရက်များထက် သုံးပုံနှစ်ပုံစာပို၍ ဈေးပိုမိုမြင့်မားလေ့ရှိကြောင်း သိရသည်။ ''ဒီနှစ်တော့ ကန်ပတ်လမ်းမှာ ခွင့်မပြုဘူးဆိုတော့ ပြည်လမ်းတို့၊ ကမ္ဘာအေးဘုရားလမ်းတို့မှာ ဆောက်ဖို့စီစဉ်နေတယ်။ ဒါပေမယ့် ကမ္ဘာအေးဘုရားလမ်းမှာလည်း ခွင့်မပြုဘူးကြားလို့ နေရာကိစ္စဟာ တော်တော်လေးအခက်အခဲဖြစ်ရတယ်။ အခုထိတော့ လက်မှတ်မရောင်းရသေးပါဘူး။ လက်မှတ်ရောင်းရရင်လည်း ကိုက်အောင်တော့ဈေးသတ်မှတ်မှ ရနိုင်မှာဖြစ်လို့ ဈေးနှုန်းက မနှစ်ကထက် ပိုဖို့ပဲရှိမှာပါ''ဟု DJ ဝိုင်းများငှားရမ်း၍ မဏ္ဍပ်ဆောက်ရန် စီစဉ်နေသူတစ်ဦးက ပြောသည်။
ထိုရေကစားမဏ္ဍပ်များတွင် မဏ္ဍပ်ပေါ်တက်ရောက်၍ ရေကစားရန် ခွင့်ပြုချိန်နည်းပါးခြင်း၊ နာမည်ကြီး တီးဝိုင်းဖြင့် အစပိုင်းတွင် ဖျော်ဖြေသော်လည်း နောက်ပိုင်းတွင် သာမန်သာဖြစ်သွားခြင်း၊ ပက်ဖျန်းနိုင်သော ရေပိုက်အရေ အတွက်ထက် အဆမတန်ပိုများသော သူများကိုတင်ခြင်း၊ အကျွေးမွေးဧည့်ခံ ဝန်ဆောင်မှုပိုင်း၌ လျော့ပါးလာခြင်း စသည့် ယခင်နှစ်က အတွေ့အကြုံများကြောင့်လည်း ယခုနှစ်တွင် မဏ္ဍပ်ထိုင်မည့်သူများအတွက် သတိထားရွေးချယ် စရာဖြစ်ခဲ့သည်။
''လက်တစ်လုံးခြားလုပ်တာမျိုး မရှိစေအောင် သင်္ကြန်ကာလမှာလည်း လိုက်လံစစ်ဆေးဆောင်ရွက်သင့်ပါတယ်။ ဒါမှလည်း မိသားစုမဏ္ဍပ်စစ်စစ် တွေဖြစ်လာစေနိုင်မှာဖြစ်ပါတယ်''ဟု အထက်ပါမိသားစုမဏ္ဍပ်ဆောက်ရန် စီစဉ်သူတစ်ဦးက ပြောကြားခဲ့သည်။
ထိုသို့ ယခုနှစ်တွင် စီးပွားဖြစ်လုပ်ကိုင်မည့် မဏ္ဍပ်များခွင့်မပြုတော့ သည့်အတွက် ရပ်ကွက်မဏ္ဍပ်ငယ်များ၌ ပြန်လည်စည်ကားရန် ဆင်ခြေဖုံးဒေသမှ ဒေသခံများက မျှော်လင့်လာခဲ့ကြသည်။ ''စီးပွားဖြစ်မဏ္ဍပ်တွေဟာ ဝင်ငွေတိုးအောင် အပြိုင်အဆိုင်ဆွဲဆောင်ကြတော့ ရေပက်ခံထွက်တဲ့သူတွေကလည်း သူတို့တွေဆီကိုပဲ တိုးနေကြတော့ ရပ်ကွက်တွေမှာဆိုရင် ခြောက်ကပ်နေတာ သင်္ကြန်လို့တောင်ထင်စရာမရှိတော့ဘူး။ မဏ္ဍပ်ထိုးတဲ့သူအားလုံး လိုလိုကလည်း သောက်စားထားကြတဲ့သူတွေဖြစ်လို့ မလိုလားအပ်တဲ့ ရန်ပွဲတွေဖြစ်လာနိုင်တယ်။ အခုဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ အသွင်ကူးပြောင်း ခြင်းနဲ့ ပြန်လည်တည်ဆောက်ခြင်းဆိုတဲ့ အထိခိုက်မခံတဲ့ Critical Period ကို ရောက်နေပြီး အပြောင်းအလဲကို ကြွေးကြော်တဲ့ ပြည်သူတွေလည်း တိုင်းပြည်ရဲ့ပြောင်းလဲမှုနဲ့အတူ ကိုယ်တိုင်လည်း စည်းကမ်းလိုက်နာပြီး ပြောင်းလဲသင့်ပါတယ်။ ကားအကောင်းစားစီးချင်ရင် စီးလို့ရတဲ့ခေတ်မှာ တောင် တိုင်းပြည်ဆင်းရဲလို့ စီးရမှာရှက်တဲ့အတွက်ဆိုပြီး မစီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စိတ်ထားမျိုးကို လေးစားအတုယူရမှာဖြစ်ပါတယ်။ မဏ္ဍပ်ပေါ်မှာ ပျော်နေ၊ မူးနေ၊ ရေတွေကို ဒလဟောသုံးစွဲတဲ့ အခြေအနေရဲ့ တစ်ဖက်မှာ သောက်သုံးရေတောင် အခက်ခဲဖြစ်တဲ့သူတွေ၊ ဆင်းရဲငတ်မွတ် တဲ့ ပြည်သူတွေအပေါ် ကိုယ်ချင်းစာပြီး ဆင်ခြင်သင့်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ငယ်ငယ်က ဆော့ကစားခဲ့တဲ့ တိုင်ကီတွေချပြီး အုန်းလက်တွေနဲ့ လုပ်ထားတဲ့ရပ်ကွက်မဏ္ဍပ်တွေ ပြန်လည်အသက်ဝင်လာဖို့ မျှော်လင့်မိပါတယ်''ဟု စီးပွားရေးကုမ္ပဏီလုပ်ငန်းတစ်ခု၏မန်နေဂျာက သုံးသပ်ပြောကြားခဲ့သည်။
Credit To >>> The Mirror Daily 

0 comments:

Post a Comment