5.4.16

ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်၍ လက်ရှိအစိုးရသစ်နှင့် လွှတ်တော်သို့ ပြန်တင်ပြမည်ဟုဆို



ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော် လုပ်ကိုင်ခွင့်ချထားပေးခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ လက်ရှိအစိုးရသစ်နှင့် လွှတ်တော်သို့ ပြန်လည်တင်ပြမည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီသုံးခုထဲတွင် ပါဝင်သည့် ရန်ကုန်အနောက်တောင်ဒေသအများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့်က ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်သည့် မြစ်ကူးတံတားကြီးများအနက် ပထမဆုံး တံတားဖြစ်သည့် ကြည့်မြင်တိုင်မြို့နယ် ဗားကရာနှင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း အလတ်ချောင်းတို့ကို ဆက်သွယ်မည့် တံတားတည်ဆောက်ရန်လည်း စီစဉ်နေရာ အဆိုပါ တံတားစီမံကိန်းအတွက်ကိုလည်း လက်ရှိအစိုးရသစ် နှင့် လွှတ်တော်ထံသို့ ပြန်လည်တင်ပြမည်ဟု သိရသည်။

“အစိုးရသစ်နဲ့ လွှတ်တော်အသစ်ဆိုတော့ ဒီဟာကို ပြန်တင်ဦးမယ် ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ရမှာပဲလေ။ သူတို့တင်ဖို့ လုပ်နေတယ်လို့ ကြားတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းရော၊ စီမံကိန်းမှာပါတဲ့ တံတားရော ဘယ်လိုဆက်လုပ်မလဲ၊ အစိုးရသစ် လွှတ်တော်ကို တင်ပြပြီးတော့လုပ်မယ်။ သူတို့ အရင်ညွှန်ကြားချက်ထဲမှာ ပါတယ်။ ကုမ္ပဏီသုံးခုက သီလ၀ါလို အများပိုင်ကုမ္ပဏီနဲ့ ဆောင်ရွက်ရမယ်။ အခု အများပိုင်ကုမ္ပဏီဖွဲ့ဖို့လည်း လုပ်နေတယ်။ ပြီးတော့ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့သစ်စီမံကိန်း ကြီးကြပ်မှုကော်မရှင်ဖွဲ့သွားတာ ရှိတယ်။ အဲဒီကော်မရှင်ရယ်၊ ကုမ္ပဏီရယ်က ပြန်တင်ပြမှာပေါ့။ သူတို့ ဘာဆက်လုပ်ရမယ်၊ ဘယ်လိုလမ်းညွှန်ချက်တွေ ပါမယ်ဆိုတာ”ဟု ရန်ကုန်အနောက်တောင်ဒေသအများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့် က ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအား လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက်၊ ပန်းလှိုင်မြစ် နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းအကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ တွံတေးမြို့နယ်ရှိ မြေနေရာများ ပါဝင်ပြီး စုစုပေါင်းမြေဧက သုံးသောင်းခန့် တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ရာ ယင်းသို့ အကောင်အထည်ဖော်မည့်နေရာတွင် လယ်မြေများ အဓိကပါဝင်သဖြင့် မြေသိမ်းမိန့်များ ထုတ်ပြန်ထားပြီး လျော်ကြေးအဖြစ် ဒေသခံလယ်သမားများအတွက် လယ်မြေတစ်ဧကလျှင် ဂရန်ရှိ မြို့မြေကွက် နှစ်ကွက်နှင့် တိုက်ခန်းတစ်ခန်းကို ပေးအပ်ရန် စီစဉ်ထားပြီး ဒေသခံ လယ်သမားများမဟုတ်ဘဲ ပြင်ပမှ လာရောက်ဝယ်ယူထားသည့် သူများအတွက်မူ လျော်ကြေးအဖြစ် ဂရန်ရှိ မြေကွက်နှစ်ကွက်ကို ပေးအပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

“မြေသိမ်းမိန့်လည်း ထုတ်ပြီးပြီ။ ဒါပေမဲ့ ဘယ်လိုလုပ်ရမယ်။ ဘာဆက်လုပ်ရမလဲဆိုတာ လက်ရှိအစိုးရသစ် လွှတ်တော်သစ်ကို တင်ပြရမှာပေါ့”ဟု ဦးခင်မောင်သန့်က ဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်းတွင်  မြစ်ကူးတံတားများ၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ အငှားအိမ်ရာစီမံကိန်းများ၊ ကျောင်းများ၊ ဘိုးဘွားရိပ်သာ၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ပြတိုက်များ စသည်တို့ ပါဝင်မည်ဖြစ်ပြီး ယင်းစီမံကိန်းကို မူလက ယခုနှစ်လယ်ပိုင်းတွင် စတင်အကောင်အထည်ဖော်ရန် မျှော်မှန်းထားခဲ့သည်။

၂၀၁၄ ခုနှစ်က စတင်ခဲ့သော ရန်ကုန်မြို့သစ်မံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း ဝေဖန်ခံရမှုများကြောင့် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က တရားဝင် ရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့သော် ၂၀၁၅ ခုနှစ်တွင်မူ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက စီမံကိန်းအမြန်အကောင်အထည်အဖော်ပေးရန် တင်ပြလာခဲ့ခြင်းကြောင့် တစ်ကျော့ပြန် အကောင်အထည်ဖော်ရန် ဖြစ်လာခဲ့ပြီး စီမံကိန်းကို ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City Development Ltd  နှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေး ကုမ္ပဏီလိမိတက်တို့အား ပူးပေါင်းအကောင်အထည်ဖော်ခွင့်ကို ယခင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment