2.5.16

ဂျပန်နှင့်ပူးပေါင်း၍အမှိုက်မှစွမ်းအင်ထုတ်လုပ်မည့်ပထမဆုံးစက်ရုံရန်ကုန်၌တည်ဆောက်နေ



မြန်မာနိုင်ငံ၌ ပထမဆုံးဖြစ်သော စွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့်စက်ရုံကို ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လှော်ကားတောရကျောင်းအနီး၌ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလက စတင်အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။ လှော်ကားဥယျာဉ်သို့သွားသည့် ကားလမ်းနံဘေး၌ တည်ရှိသည့်အတွက် လူနေ အဆောက်အအုံများနှင့် ကင်းဝေးသောကြောင့် စွမ်းအင်ထုတ်လုပ်သောစက်ရုံအတွက် ကောင်းမွန်သောနေရာတစ်ခုလည်း
ဖြစ်သည်။

ကားလမ်း၏တစ်ဖက်တွင် အမှိုက်ပုံရှိနေပြီး လက်ရှိတည်ဆောက်မှုတွင် အမှိုက်ထား ရှိမည့် ဂိုဒေါင်တည်ဆောက်ပြီးစီး၍ ပင်မစက်ရုံကို ဆက်လက်တည်ဆောက်လျက် ရှိသည်။ ဂျပန်နိုင်ငံ JFE ကုမ္ပဏီနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး လျှပ်စစ်စွမ်းအင်လိုအပ်ချက်ရှိနေသော မြန်မာနိုင်ငံ အတွက် ဤစီမံကိန်းသည် မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်မည်မှာ အမှန်ပင်ဖြစ်သည်။ ရွှေပြည်သာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့မှထွက်ရှိသော အမှိုက် တို့ကို အသုံးပြုသွားမည်ဖြစ်သည်။ရန်ကုန် မြို့မှ တစ်နေ့လျှင် စွန်ပစ်အမှိုက် တန် ၁၉ဝဝ ခန့်ထွက်ရှိပြီးယခုစက်ရုံမှ တစ်ရက် လျှင် တန် ၆ဝ မီးရှို့အသုံးပြုကာ လျှပ်စစ် စွမ်းအင် ၇ဝဝ ကီလိုဝပ် ထွက်ရှိမည်ဖြစ်၍ ပြည်သူများအတွက် ကီလိုဝပ် ၃၅ဝ ထုတ် လုပ်မည်ဖြစ်သည်။ ကျန်တစ်ဝက်ကို စက်ရုံအတွက် အသုံးပြုသွားမည်ဖြစ် သည်။ ပိုမိုကြီးမားသော စက်ရုံများ တည် ဆောက်ခြင်းဖြင့် ကီလိုဝပ်မှ မဂ္ဂါဝပ်အထိ တိုးချဲ့ထုတ်လုပ်နိုင်ပြီး ရန်ကုန်မြို့နေ ပြည်သူတို့၏ လျှပ်စစ်စွမ်းအင်လိုအပ်ချက် ကို ဖြည့်ဆည်းသွားနိုင်မည်ဖြစ်သည်။
စင်ကာပူနိုင်ငံနှင့် ဂျပန်နိုင်ငံတွင် ယခု စက်ရုံကဲ့သို့ပင် စွန့်ပစ်အမှိုက်မှ စွမ်းအင် ထုတ်လုပ်သော စက်ရုံများရှိပြီး တန် တစ်ထောင်ကျော်အမှိုက်ကို မီးရှို့နိုင်သော စက်ရုံများ လည်ပတ်လျက်ရှိသည်။ ဂျပန် နိုင်ငံတွင် ထိုကဲ့သို့ စက်ရုံပေါင်းရာကျော် ရှိနေသည်။ စွန့်ပစ်အမှိုက် နေ့စဉ်ထွက်ရှိ မှုများနေသော မြန်မာပြည်အတွက် ယခုကဲ့သို့ အမှိုက်မှ စွမ်းအင်ထုတ်လုပ် သည့် စက်ရုံတည်ဆောက်ခြင်းသည် အမှိုက်မှ ရွှေဖြစ်စေမည်မှာအမှန်ပင် ဖြစ်သည်။ အမှိုက်မှ လျှပ်စစ်ထုတ်လုပ် သော စက်ရုံများစွာ တည်ဆောက်နိုင် ခြင်းဖြင့် နိုင်ငံ၏စက်မှုကဏ္ဍနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက် အကူဖြစ်စေမည်မှာ အမှန်ပင်ဖြစ်သည်။
ယခု စွမ်းအင်ထုတ်လုပ်မည့် စက်ရုံ စီမံကိန်းသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် နောက်ဆုံး ပေါ်နည်းပညာကို အသုံးပြုထားခြင်း ကြောင့်Joint Credition Mecha-nism (JCM) ရရှိခဲ့သည်။ ၄င်းJCM စနစ်အရ အများဆုံးအနေဖြင့် စက်ရုံ တည် ဆောက် မှု ကုန်ကျငွေစရိတ်၏ ၅ဝ ရာခိုင်နှုန်းခန့်ကို MOEJ (Ministry of Environment Japan)က ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျန် ၅ဝ ရာခိုင် နှုန်းအား သက်ဆိုင်ရာနိုင်ငံမှ ပါဝင်စိုက် ထုတ်ပေးသော စနစ်ဖြစ်သည်။YCDC နှင့် JFEသည် နိုင်ငံတကာလုပ်ငန်းစု အဖွဲ့ကို တည်ထောင်ပြီး စက်ရုံလည်ပတ် မှုမှတစ်ဆင့်OpenDumpingကြောင့် ဖြစ်ပေါ်သော မီသိန်းဓာတ်ငွေ့လျော့နည်း သွားခြင်းနှင့် အမှိုက်လောင်စာများကို အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်မှုနေရာ တွင် အစားထိုးအသုံးပြုခြင်းဖြင့် က္ဘာ ကြီး ပူနွေးစေမည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှုကို များစွာလျော့နည်းသွား စေမည်ဖြစ်သည်။
ဂျပန်နိုင်ငံတွင် စွန့်ပစ်အမှိုက်နှင့် ပတ်သက်၍ ကျောင်းသားများ ကလေး များမှအစ အမှိုက်ခွဲခြားစွန့်ပစ်ခြင်း အလေ့အထများ သင်ကြားပေးလေ့ ရှိကြောင်း၊ ရန်ကုန်အမှိုက်မှ စွမ်းအင် ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ပြီးစီး ပါက ကျောင်းသားကလေးသူငယ်များ မှအစ လာရောက်လည်ပတ် လေ့လာစေ လိုကြောင်း၊ ရန်ကုန်အမှိုက်မှ စွမ်းအင် ထုတ်လုပ်သော ယခုစက်ရုံသည် မြန်မာ့ လူနေမှု သဘာဝပတ်ဝန်းကျင်အတွက် ကောင်းမွန်သော အပြောင်းအလဲတစ်ခု ဖြစ်လာမည်ဟု ကျွန်ုပ်တို့အနေဖြင့် မျှော်လင့်မိပါကြောင်း၊ ဂျပန်နိုင်ငံတွင် စွန့်ပစ်ပစ္စည်းအမှိုက်မှ စွမ်းအင်ထုတ်လုပ် သောစက်ရုံရာချီ၍ လည်ပတ်လျက်ရှိပြီး မြန်မာပြည်၌ ယခု စက်ရုံလည်ပတ် ပြီးပါက ရန်ကုန်အပါအဝင် အခြားမြို့ကြီး များတွင် ဆက်လက်တည်ဆောက် နိုင်ရန် မျှော်လင့်မိကြောင်း JFE Engineering Corporation မှ Mr. HIROYUKI UEDA က အကြံပြု ပြောကြားသည်။
စက်ရုံတည်ဆောက်မှုတွင် နိုင်ငံ တကာအတွေ့အကြုံရှိပြီး မိမိနိုင်ငံ တိုးတက်မှုကို မြင်လိုသော ကိုနေလင်းဦး က ဤစက်ရုံရှိ အမှိုက်လက်ခံဌာနတွင် အောက်ခြေ၌ ကွန်ကရစ်ခံထားသည့် အတွက် အမှိုက်မှစိမ့်ထွက်ရည်များ စီးမျောမှုကို ကာကွယ်ထားပြီး အမှိုက်များ အား အမှိုက်လက်ခံဌာန၌ အခြောက်ခံ၍ အမှိုက်မှထွက်သော အရည်အား ပန့်ဖြင့် မီးဖိုထဲသို့ ပြန်လည်အသုံးပြုသည့် အတွက် ပတ်ဝန်းကျင်သို့ လုံးဝယိုစိမ့်မှု မရှိခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်ထိန်းသိမ်းပြီး ဖြစ်စေကြောင်း၊ ရေထုညစ်ညမ်းမှုကို ထိန်းသိမ်းပြီးဖြစ်စေကြောင်း၊ ထွက်ရှိ သော မီးခိုးပြာများကိုလည်း အရည် အသွေးအကောင်းဆုံး စစ်ထုတ်ကိရိယာ များဖြင့် အဆင့်ဆင့် စစ်ထုတ်ထားခြင်း ကြောင့် ခေါင်းတိုင်မှထွက်သော မီးခိုး အမှုန်ပါဝင်မှုကို ၉၉ ဒသမ ၉ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ကြောင်း၊ ခေါင်းတိုင်မှ ထုတ်လွှတ်သော မီးခိုးအမှုန်ကိုလည်း အမြဲစောင့်ကြည့်နေသည့်စနစ် ထည့်သွင်း ထားခြင်းကြောင့် သဘာဝပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကိုကာကွယ်ပြီး ဖြစ်စေ ကြောင်း၊ ကားလမ်းတစ်ဖက်၌ လက်ရှိ တည်ရှိနေသော အမှိုက်ပုံကြောင့် ပတ်ဝန်းကျင်အနီးနားရှိ လေထု ရေထု မြေထုတို့ ညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်ပြီး ခြင်၊ ယင်နှင့် အင်းဆက်ပိုးမွှားများ ပေါက် ပွားနိုင်ကြောင်း၊ ယခု ရန်ကုန်အမှိုက်မှ စွမ်းအင်ထုတ်လုပ်သော စက်ရုံတည် ဆောက်ပြီးပါက အဆိုပါပြဿနာများ ဖြေရှင်းပြီး ပိုမိုကောင်းမွန်သော သဘာဝ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ပေါ်လာ မည်ဖြစ်ကြောင်း ပြောကြားသည်။
ယခု တည်ဆောက်နေသော စက်ရုံသည် ယခုနှစ် ဒီဇင်ဘာလတွင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
Credit To >>>  MOI Webportal Myanmar 

0 comments:

Post a Comment