6.5.16

လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားသော ကျောင်းအုပ် တစ်လနီးပါး ကြာသည်အထိ လွတ်မြောက်ခြင်း မရှိဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံရသော အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာ တစ်ဦးသည် တစ်လနီးပါးကြာ မြင့်လာသည်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း နမ့်ခမ်းမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နမ့်ခမ်းမြို့နယ် ဆားလုကျေးရွာအုပ်စု ကြုံဆိုင်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ဆရာကြီး ဦးလှခိုင်ကို ဧပြီလ ၉ ရက်နေ့တွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ၎င်းကရှင်းပြသည်။
“ဆရာကြီးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတာ မှန်ကန်တယ်။ တစ်လခန့်ကြာပြီ အခုထိ ပြန်မရောက်သေးဘူး။ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကိုတော့ စာရေးသားပြီး တင်ပြထားတယ်။ ဆရာကြီးအတွက် ဒေသခံတွေက စိတ်ပူနေကြတယ်”ဟု ပြောသည်။
ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျအရာရှိ တစ်ဦးက မသိရှိကြောင်းသာ ပြန်လည်ဖြေကြားသည်။
အဆိုပါ နမ့်ခမ်းမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(PSLF/TNLA)တို့ အခြေပြု လှုပ်ရှားလျက်ရှိသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment