6.5.16

နေပြည်တော် ကျောက်မျက်ရတနာပြပွဲမှ ကောက်ခံထားသော ရန်ပုံငွေ ယူရို ၈၇ သန်းကျော် စာရင်းရှင်းတမ်း ထုတ်ပြန်ရန် ကျောက်မျက်လုပ်ငန်းရှင် အသင်းဝင်များ တောင်းဆို

၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နေပြည်တော် ကျောက်မျက်ရတနာပြပွဲတွင် တင်သွင်းရောင်းချသည့် ကျောက်မျက်ရတနာ တန်ဖိုး၏ တစ်ရာခိုင်နှုန်းအား ရန်ပုံငွေအဖြစ် ကောက်ခံထားသောငွေများ စာရင်းရှင်းတမ်း ထုတ်ပြန်ရန် ကျောက်မျက်လုပ်ငန်းရှင် အသင်းဝင်များက တောင်းဆိုထားကြောင်း သိရသည်။
ကျောက်မျက်လုပ်ငန်းရှင် အသင်းဝင်များဖြစ်သော မန္တလေးမှ လုပ်ငန်းရှင်ပေါင်း ၁၀၀ ကျော်က လက်မှတ်ထိုး၍ ကောက်ခံထားသော ငွေစာရင်း၊ ရသုံးရှင်းတမ်း ထုတ်ပြန်ပေးရန် မေ ၄ ရက်တွင် ကျောက်မျက်ရတနာပြပွဲ ကျင်းပရေး ဗဟိုကော်မတီသို့ စာပို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“၂၀၀၉ ခုနှစ်ကနေ၂၀၁၆ ခုနှစ်အထိ ပြပွဲကျင်းပရေး ကော်မတီကနေ  ကျောက်ရောင်းရငွေရဲ့ တစ်ရာခိုင်နှုန်းကို ရန်ပုံငွေအဖြစ် ကောက်ခံခဲ့ပါတယ်။ ကောက်ခံရရှိငွေရဲ့ နှစ်စဉ် ထုတ်ပြန်ချက်အရ  ယူရို ၈၇ သန်း ကျော်ရှိ တယ်လို့သိရပါတယ်။ အသုံးစရိတ်၊ ကုန်ကျစရိတ်၊ လက်ကျန်ငွေ ဘယ်လောက်ကျန်လဲ သိလိုပါတယ်။ တစ်နှစ်မှ စာရင်းရှင်းတမ်း ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ ဒီပိုက်ဆံတွေ ဘယ်နေရာမှာသုံးထားလဲ၊ ကျောက်သမားတွေ အကျိုးစီးပွား၊ အခြေခံ ကျောက်လုပ်သားတွေအတွက် ဘာတွေ သုံးစွဲထားလဲ သိချင်ပါတယ်” ဟု ကျောက်မျက်လုပ်ငန်းရှင်များ အသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပွင့်ကောင်း ကျောက်မျက်ကုမ္ပဏီမှ ဦးသန်းဝင်းက ပြောကြားသည်။

၂၀၀၉ ခုနှစ် (၄၆) ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲမှစတင်၍ ၂၀၁၅ ခုနှစ်လယ် ပြပွဲအထိ ကျောက်မျက်ရောင်းရငွေ ယူရို ၈၇ ကုဋေကျော် ရရှိခဲ့ရာ ရန်ပုံငွေ တစ်ရာခိုင်နှုန်း ကောက်ခံခဲ့သဖြင့် ယူရို ၈၇ သန်း ကျော်ရှိကြောင်း သိရသည်။

ကျောက်မျက်ရောင်းသူများက အခွန် ခုနစ်ရာခိုင်နှုန်း၊ သတ္တုတွင်းဝန်ကြီးဌာနအတွက် သုံးရာခိုင်နှုန်းနှင့်  ပြပွဲကျင်းပရေး ဗဟိုကော်မတီသို့ တစ်ရာခိုင်နှုန်း စုစုပေါင်း ၁၁ ရာခိုင်နှုန်း ပေးဆောင်ခဲ့ရသည်။

“ပြပွဲကျင်းပတဲ့ ခန်းမကလည်း အသင်းပိုင်ဖြစ်သလို ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်ကလည်း NGO ဖြစ်ပါတယ်။ နောက်ပြီး ပြပွဲမှာ ၀င်ကြေးတွေ၊ လျှောက်လွှာကြေးတွေ စတဲ့ ၀င်ငွေတွေလည်း ရှိပါတယ်။ ဒါတွေအတွက် စာရင်းရှင်းတမ်း လိုချင်ပါတယ်” ဟု ကျောက်မျက်လုပ်ငန်းရှင်များ အသင်းဝင် ကျော်ဇောမင်း ကျောက်မျက်ကုမ္ပဏီမှ ဦးကျော်ဇောအောင်က ဆိုသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment