6.5.16

အစိုးရသစ်တက်ချိန် ရက် ၁ဝဝ အတွင်း စက်ရုံအလုပ်သမားများကို အိမ်ထောင်စုစာရင်း ပြုလုပ်ပေးမည်

အစိုးရသစ် စတက်သည့်အချိန်မှစပြီး ရက် ၁ဝဝ အတွင်း လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များရှိ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများကို အိမ်ထောင်စုစာရင်း မရှိပါက စိစစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

“ဒီရက် ၁ဝဝ အတွင်း အိမ်ထောင်စုစာရင်းမရှိတဲ့ အလုပ်သမားတွေအပြင် မှတ်ပုံတင် မရှိတဲ့သူတွေကို သေချာ စိစစ်ပြီး ဆောင်ရွက်ပေးမယ်။ ဒါအလုပ်သမားတွေအတွက်ကို အဓိက ရည်ရွယ်ပြီး လုပ်ဆောင်တာပါ” ဟု အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဆိုသည်။
စက်ရုံ၊ အလုပ်ရုံမှ တာဝန်ရှိသူက မှတ်ပုံတင်မရှိသော အလုပ်သမားများ၏ စာရင်းကို စစ်တမ်းကောက်ယူပေးပြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနတို့ကို လူစာရင်းများ ပေးပို့ရမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။
“စက်ရုံတွေမှာ မှတ်ပုံတင် အမှန်မရှိပဲနဲ့ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ အများကြီးရှိတယ်။ မရှိတဲ့အလုပ် သမားတွေကို မဖြစ်မနေအနေနဲ့ စီမံချက်လုပ်ပြီး နိုင်ငံသားကတ်ထုတ် ပေးဖို့ရှိတယ်”ဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဆိုသည်။
နိုင်ငံသားကတ်ပြားများ ဆောင်ရွက်ရာတွင် မလွယ်ကူသော အခြေအနေတွင် ရှိသောကြောင့် စက်ရုံ၊ အလုပ်ရုံများတွင် ကိုယ်ပိုင်မှတ်ပုံတင်ဖြင့် အလုပ်လျှောက်ခြင်းမှာ အလွန်နည်းပါးပြီး အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက မြန်ဆန်စွာ ရရှိရန် ဆောင်ရွက်ပေးသင့်ကြောင်း ရွှေလင်ဗန်စက်မှုဇုန် စီမံခန့်ခွဲမှူးဌာန ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။
“မှတ်ပုံတင် တစ်ခုရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ရှိတဲ့သူအတွက်က အရေးမကြီးဘူး။ မရှိတဲ့သူအတွက်ကတော့ မှတ်ပုံတင်ရဖို့ တော်တော် ဒုက္ခရောက်တယ်။ အခုဆိုရင် ၁ဝဝ မှာ ၃ဝ ရာခိုင်နှုန်း မှတ်ပုံတင်မရှိဘူး”ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံဌာန ၁ဝဝဝ ခန့်ရှိပြီး အလုပ်သမားဦးရေ ၁၃ဝဝဝဝ ကျော်ရှိကြောင်း မြို့နယ်လူမှုဖူလုံရေးရုံး(လှိုင်သာယာ)ထံမှ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment