20.5.16

“နိုင်ငံဂုဏ်ဆောင် လူငယ်တောင်တက်သမား (၃)ဦးကို တောင်ခြေစခန်းအထိ ဦးတေဇ သွားရောက်ကြိုဆိုမည်”





ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်ကို တက်ရောက်ပြီး တောင်တက် အားကစားဖြင့် နိုင်ငံဂုဏ်ကို မြှင့်တင်ပေးခဲ့သော လူငယ်တောင်တက် သမား(၃)ဦး အား တောင်ခြေစခန်း (Base Camp) အထိ သွားရောက်ကြိုဆိုရန် ထူးဖောင်ဒေးရှင်း နာယက၊ မြန်မာနိုင်ငံခြေလျင်နှင့် တောင် တက်အဖွဲ့ချုပ်၏ နာယကဖြစ်သော ဦးတေဇနှင့် အဖွဲ့သည် ယနေ့ မေလ (၂၀)ရက်နေ့ ည (၇း၃၀) အချိန်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာသွားပြီဖြစ်သည်။

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်သို့ လူပေါင်း (၃၀၀၀) ကျော်ခန့် အောင်မြင်စွာ တက်ရောက်ခဲ့ကြသည်ဟု သိရှိရပြီး မြန်မာနိုင်ငံမှ တောင်တက်သမားများ ယခင်က တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယခုအောင်မြင်မှုသည် မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် (၈၈၄၈)မီတာမြင့်သော ဧ၀ရတ်တောင် အား မြန်မာတောင်တက်သမား (၂)ဦး ပထမဆုံး အကြိမ် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာ့ဂုဏ်ဆောင် တောင်တက်သမားနှစ်ဦးသည် ဒေသစံတော်ချိန် နံနက် (၉)နာရီခန့်တွင် အမြင့် မီတာ (၈,၀၀၀) ရှိသော Camp-4 မှ စတင်ထွက်ခွာခဲ့ရာ လက်ရှိအချိန်တွင် Camp-2 သို့ အောင်မြင် စွာဖြင့် ပြန်လည်ရောက် ရှိပြီ ဖြစ်ပါသည်။ တောင် တက်သမားနှစ်ဦးအနက် ကိုပြည့်ဖြိုးအောင်သည် Camp-2 သို့ ညနေ (၃)နာရီ (၅၀)မိနစ် တွင် ချောမွေ့စွာ ပြန် လည်ရောက် ရှိခဲ့ပြီး ကိုဝင်းကိုကိုသည် ညနေ (၅) နာရီတွင် ရောက်ရှိခဲ့ပါ သည်။ မြန်မာတောင်တက်သမားနှစ်ဦးစလုံး ကျန်းမာရေးကောင်း မွန်လျက်ရှိကြောင်း တောင်ခြေစခန်း (Base Camp) မှ ပေးပို့သော သတင်းများအရ သိရှိရပါသည်။
ယနေ့ ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားသော နာယကဦးတေဇသည် မေလ (၂၁)ရက်နေ့ မနက်ဖြန်တွင် ဘန်ကောက်မှတဆင့် နီပေါနိုင်ငံ၏မြို့တော် ခတ်တမန်ဒူ (Kathamandu) သို့ ရောက်ရှိမည်ဖြစ်ပါသည်။ ခတ်တမန်ဒူမှတဆင့် ဧ၀ရတ်တောင်ခြေစခန်း (Base Camp)သို့ သွားရောက်ရန် လူကလာ(Lukla) သို့ မေလ (၂၂)ရက်နေ့တွင် ထွက်ခွာမည်ဖြစ်ပါသည်။ ယင်းနေ့နံနက်ပိုင်း တွင် လေယာဉ်ခရီးစဉ်ဖြင့် လူကလာမှ ဧ၀ရတ်တောင်ခြေစခန်း (Base Camp) သို့ ဆက်လက်ထွက်ခွာကာ မြန်မာ့ဂုဏ်ဆောင် လူငယ်တောင်တက်သမား (၃)ဦးအား သွားရောက်ကြိုဆိုမည်ဖြစ်ပါသည်။
ဧ၀ရတ်တောင်ထိပ်တွင် မြန်မာနိုင်ငံ အလံ လွှင့်ထူပြီး ဧ၀ရတ်တောင် သမိုင်းတွင် မြန်မာနာမည်အား တစ်ခမ်းတနား ရေးထိုးခဲ့ကြသည့် မြန်မာတောင်တက်သမားများ၏ ဧ၀ရတ်တောင် အောင်နိုင်ရေး ခရီးစဉ်အား ထူးဖောင်ဒေးရှင်းနှင့် ထူးကုမ္ပဏီများအုပ်စုတို့မှ ပံ့ပိုးကူညီခွင့် ရခဲ့သည့်အတွက် ထူးဖောင်ဒေးရှင်းနှင့် ထူးကုမ္ပဏီများအုပ်စု မိသားစုများက လွန်စွာ ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း ဖော်ပြအပ်ပါသည်။

Credit To >>> Htoo Founation Group

0 comments:

Post a Comment