10.6.16

ယခုနှစ်နိုဝင်ဘာလတွင် လာအိုနိုင်ငံ၌ ဂျပန်နှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမည်

ဂျပန်နှင့် အာဆီယံအသင်းဝင် ၁ဝ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများသည် နိုဝင်ဘာလအတွင်း လာအိုနိုင်ငံတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီက ဇွန် ၈ ရက်တွင် ပြောကြားသည်။
၂ဝ၁၁ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ဂျပန်နှင့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ၏ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်းမှာဒုတိယအကြိမ်ဖြစ်သည်။ တရုတ်နိုင်ငံက ပိုင်နက် အငြင်းပွားမှုဖြစ်ပေါ်နေသော ရေပြင်တွင် စစ်စခန်းငယ်များ တိုးမြှင့်တည်ဆောက်လာချိန်၌ ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်မှန်းချက်များထားရှိလာကြသည်။
ဒေသတွင်း၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးလိုအပ်ချက်များအတွက် အာဆီယံအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့သည် ခိုင်မာတောင့်တင်းသည့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရှိရန်လိုအပ်နေကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
အရှေ့တောင်အာရှဒေသတွင်း၌ သဘာဝဘေးအန္တရာယ်သက်သာလျော့ပါးရေး၊ ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် တပ်ဖွဲ့များ ပူးတွဲစစ်ရေးလေ့ကျင့်ရေးတို့နှင့် ပတ်သက် ၍ အမြင်ချင်းဖလှယ်ကြရန် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ဂျပန်အစိုးရက ကမ်းလှမ်းထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံအနက် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့သည် သဘာဝအရင်းအမြစ်များကြွယ်ဝသော တောင်တရုတ်ပင်လယ်ဒေသတွင် တရုတ်နိုင်ငံနှင့် ပိုင်နက်နယ်မြေဆိုင်ရာအငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment