14.6.16

ကမ္ဘာတစ်ဝန်းမှ နျူကလီးယားလက်နက်ထိပ်ဖူးများ

၁၉၉ဝ ခုနှစ် စစ်အေးတိုက်ပွဲပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းတွင် နျူကလီးယားထိပ်ဖူး ၆ဝဝဝဝ ခန့်ရှိသည်ဟု စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျုက ပြောကြားသည်။
၁၉၉၁ ခုနှစ်တွင် အမေရိကန်နိုင်ငံနှင့် ယခင်ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့သော START-I ဟု လူသိများသည့် မဟာဗျူဟာ လက်နက်များ လျှော့ချရေးစာချုပ် ချုပ်ဆိုပြီး နောက် ၂ဝဝဝ ပြည့်နှစ်တွင် နျူကလီးယား ထိပ်ဖူးအရေအတွက် ထက်ဝက်ခန့်လျော့ကျ သွားခဲ့ရာ ၃၁ဝဝဝ ခန့်ထိ လျှော့ချနိုင်ခဲ့သည်။ နျူကလီးယားထိပ်ဖူး အရေအတွက်ကို ဆက်လက်လျော့ကျလာခဲ့ရာ ၂ဝ၁ဝ ခုနှစ်တွင် ၂၂ဝဝဝ ဝန်းကျင် ရှိလာခဲ့သည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမား က ကမ္ဘာတစ်ဝန်းနျူကလီးယားလက်နက် ကင်းစင်အောင် ဆောင်ရွက်မည်ဟု ချက်သမ္မတနိုင်ငံ၏မြို့တော် ပရာ့ဂ်မြို့တွင် ပြောကြားသည့် မိန့်ခွန်းတွင် ကတိပြုခဲ့ပြီး နောက် တစ်နှစ် ၂ဝ၁ဝ ခုနှစ်တွင် အမေရိကန်နှင့် ရုရှားနိုင်ငံတို့က START စာချုပ်သစ် ချုပ်ဆို ကာ နျူကလီးယားထိပ်ဖူးအရေအတွက် ဆက်လက်လျှော့ချနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။
ယခုနှစ် ဇန်နဝါရီလတွင် အမေရိကန် နိုင်ငံက နျူကလီးယားထိပ်ဖူး ၇ဝဝဝ ပိုင်ဆိုင် ထားပြီး လွန်ခဲ့သည့်နှစ်ကထက် ၂၆ဝ လျော့ နည်းသွားသကဲ့သို့ ရုရှားနိုင်ငံကလည်း နျူကလီးယားထိပ်ဖူး ၇၂၉ဝ ပိုင်ဆိုင်ထားပြီး ပြီးခဲ့သည့်နှစ်ကထက် ၂၁ဝ လျော့ကျသွားခဲ့ သည်။
နျူကလီးယားလက်နက်မပြန့်ပွားရေး စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံ များအနက် ပြင်သစ်နိုင်ငံက နျူကလီးယား ထိပ်ဖူး ၃ဝဝ၊ တရုတ်နိုင်ငံက ၂၆ဝ နှင့် ဗြိတိန်နိုင်ငံက ၂၁၅ ခုပိုင်ဆိုင် ထားသည်။ ထို့ပြင် ပါကစ္စတန်နိုင်ငံက နျူကလီးယားထိပ်ဖူး အရေအတွက် ၁၁ဝ နှင့် ၁၃ဝ ကြားတွင်ရှိပြီး အိန္ဒိယနိုင်ငံက ၁ဝဝ နှင့် ၁၂ဝ ကြားတွင် ရှိမည်ဟု အဆိုပါအင်စတီကျု့က ခန့်မှန်းသည်။
အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့သည် လွန်ခဲ့သည့်နှစ်များအတွင်း နျူကလီးယား ထိပ်ဖူး ၁ဝ ခုခန့် တိုးလာပြီး အစ္စရေးနိုင်ငံတွင် နျူကလီးယားထိပ်ဖူး ၈ဝ ခန့် ပိုင်ဆိုင်ထား သည်ဟု ခန့်မှန်းထားသည်။ မြောက်ကိုရီးယား နိုင်ငံသည် နျူကလီးယားထိပ်ဖူး ၁ဝ ခု ခန့် ထုတ်လုပ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment