14.6.16

လုပ်ငန်းရှင်ကြီးများ စက်မှုဇုန်ထူထောင်လိုပါက ပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် လယ်သမားများ၏ လယ်သိမ်းမည့်အစား လယ်သမားကို ရှယ်ယာပေး၍ လယ်ယာမြေ စိုက်ပျိုးရေး လုပ်စေလိုသည်ဟု စီမံ/ဘဏ္ဍာဝန်ကြီး လုပ်ငန်းရှင်များအား မှာကြား

လုပ်ငန်းရှင်ကြီးများအနေဖြင့် စက်မှုဇုန် ထူထောင်လိုပါက ပံ့ပိုးပေးမည် ဖြစ်ကြောင်းနှင့် လယ်သမားများ၏ လယ်ကို သိမ်းမည့်အစား လယ်သမားကို ရှယ်ယာပေး၍ လယ်ယာမြေ စိုက်ပျိုးရေး လုပ်စေလိုသည်ဟု လုပ်ငန်းရှင်ကြီးများအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဇွန် ၁၃ ရက်တွင် ပြောကြားသည်။

ဇွန် ၁၃ ရက်က ကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တွေ့ဆုံဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ လုပ်ငန်းရှင်များက ၎င်းတို့၏ အခက်အခဲများအဖြစ် အခွန်လျှော့ပေးရေးကို အဓိက တင်ပြခဲ့ကြပြီး လုပ်ငန်းရှင်ကြီးများ၏ တင်ပြချက်တွင် ယခင်အစိုးရ အဆက်ဆက်အား တင်ပြမှုများသာ ပါဝင်နေပြီး Mindset များ ပြောင်းလဲတွေးခေါ်ထားသည့် တင်ပြချက်များ မပါဝင်သည့်အတွက် ၀န်ကြီးက သွားကြားထိုးတံ ထုတ်လုပ်မှု၏ အကျိုးအမြတ်များကို နိုင်ငံနှင့်ယှဉ်၍ လေ့လာရန်နှင့် စိန်တစ်လုံးကဲ့သို့သော မြန်မာ့ထုတ်ကုန်များကို နိုင်ငံတကာတွင် မှတ်ပုံတင်ခြင်းစသည့် အတွေးအခေါ်သစ်များကို ပါဝင် ချပြစေလိုသည်ဟု လုပ်ငန်းရှင်များကို တုံ့ပြန်ခဲ့သည်။

“သွားကြားထိုးတံ တစ်ထုပ်ကို ၅၀၊ ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ်တွေက ဆိုင်တွေမှာ ဘယ်လောက် သုံးနေလဲ။ ကျွန်တော်တို့ စိတ်မျက်စိနဲ့ တွက်ကြည့်ပါ။ ဆိုင်ကြီးတွေမှာရော၊ ဟိုတယ်တွေမှာပါ ဘယ်လောက်သုံးနေလဲ။ အဲဒါတွေကို ကျွန်တော်တို့နိုင်ငံက ထုတ်လုပ်နေလား။ ဘယ်သူတွေ ထုတ်လုပ်နေလဲ။ ကျွန်တော်လိုချင်တာ ကျွန်တော့်လုပ်ငန်းကို စက်မှုဇုန်ကြီး လုပ်ချင်တာ။ အဲဒီလိုမျိုးတင်ပြတာ လိုချင်တာ။ စက်မှုဇုန်ကြီး တည်မယ်ဆိုတာမျိုး ကျွန်တော်တို့ ပံ့ပိုးချင်တာ။ အဲဒါမျိုး စဉ်းစားစေချင်တာ။ သွားကြားထိုးတံ လုပ်မယ်ဆို ဘယ်လောက်ဝင်ငွေရှိမလဲ။ အဲဒါမျိုးကို စဉ်းစားပေးပါ။ စိန်တစ်လုံးကို မှတ်ပုံတင်မထားရင် နောက်နေ့မှာ ယိုးဒယားက ယူသွားမယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်တင်ဖို့လိုပြီ။ ကျွန်တော်တို့နိုင်ငံက တွင်းထွက် သယံဇာတတွေကို ကျွန်တော်တို့နိုင်ငံကထွက်တဲ့ စိန်၊ ဥဿဖယားစတဲ့ မူပိုင်ခွင့်တွေ ကျွန်တော်တို့ လုပ်နိုင်ရဲ့နဲ့ မလုပ်နိုင်ခဲ့ဘူး”ဟု ဦးကျော်ဝင်းက ပြောကြားသည်။

ထို့ပြင် လုပ်ငန်းရှင်ကြီးများနှင့် ထိတွေ့ရသည့် ၀န်ထမ်းများကိုလည်း လာဘ်ပေး လာဘ်ယူ လုပ်ပါက တိုက်ရိုက်တိုင်ကြားရန်နှင့် ၀န်ထမ်းများကို လာဘ်စားပါက အရေးယူမည်ဟု ပြောကြားပြီး ဖြစ်သည့်အတွက် ချက်ချင်း အရေးယူမည် ဖြစ်ကြောင်းနှင့် ထိုသို့အရေးယူပါက အဂတိလိုက်စားမှု ကင်းစင်မည်ဟု ဦးကျော်ဝင်းက ဆိုသည်။

“၀န်ထမ်းတွေဟာ အစိုးရဌာနမှာရှိရင် အစိုးရ၀န်ထမ်း၊ ၀န်ကြီးဌာနအားလုံးပေါင်းလိုက်တော့ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့တာဝန်တွေ လုပ်ပြီဆိုရင် ပြည်သူ့ဝန်ထမ်း၊ ကျွန်တော်တို့လိုချင်တာ ပြည်သူ့ဝန်ထမ်း လိုချင်တာ ပြောထားပြီးပြီ။ ပြည်သူ့ဝန်ထမ်း ဖြစ်အောင် လုပ်ပါ။ အဂတိလိုက်စားမှုတွေ လာဘ်ပေးလာဘ်ယူတွေ ထိန်းပါ ပြောပြီးပြီ။ ဒီကြားထဲက ဆက်လုပ်နေမယ်ဆို တိတိကျကျသာပြောပါ။ ချက်ချင်းပဲ ကျွန်တော် အရေးယူပေးမယ်။ အဲဒီလိုလုပ်မှ ကျွန်တော်တို့နိုင်ငံ ရှင်းသွားမယ်။ ပြတ်သွားမယ်”ဟု ဦးကျော်ဝင်းက ပြောကြားသည်။

ထို့ပြင် လုပ်ငန်းရှင်ကြီးများ အနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်း၍ လုပ်ကိုင်မည်ဆိုပါက အားလုံး အဆင်ပြေသွားမည်ဖြစ်ကြောင်းနှင့် လယ်မြေများကို သိမ်းနေမည့် အစား လယ်သမားများကို ရှယ်ယာရှင် အဖြစ် သတ်မှတ်လိုက်ခြင်းနှင့် ထိုသို့သာ ပူးပေါင်းလုပ်ဆောင်ပါက မြန်မာနိုင်ငံသား အားလုံး လိုချင်နေသည့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာမည်ဟု ဦးကျော်ဝင်းက ဆက်လက်ပြောကြားသည်။

“၀န်ကြီးဆိုတာ အင်မတန်ကြီးလေးတဲ့ ၀န်ထုပ်ဝန်ပိုးတွေ ထမ်းရလို့ ၀န်ကြီးလို့ ခေါ်တာ။ ထမ်းရလို့ မြေထဲ ၀င်သွားပါစေ၊ စီးပွားရေး တက်သွားရင် ကျေနပ်တယ်။ လုပ်ငန်းရှင်ကြီးများအနေနဲ့ စဉ်းစားပါ။ ကိုယ်တိုင် စက်မှုဇုန်ကြီးတွေ ထူထောင်မလား။ ရန်ကုန်မြစ်ကြီးကိုဖြတ်ပြီးတော့ တစ်ဖက်မှာ နိုင်ငံခြားလုပ်ငန်းရှင်ကြီးတွေနဲ့ လုပ်မလား။ မြေကွက်တွေကို သိမ်းပြီးတော့ စိုက်မယ့်အစား မြေကွက်ပိုင်ရှင် လယ်သမားတွေရဲ့ ငါးဧက ခြောက်ဧကလောက်ကို ကာလတန်ဖိုး သတ်မှတ်ပြီး ဧကတစ်သောင်းလောက်ရှိတဲ့ လယ်ယာမြေစိုက်ပျိုးရေးကို လုပ်မလား။ သူတို့ကို ရှယ်ယာရှင်အဖြစ် သတ်မှတ်ပေးရင် သူတို့ကျေနပ်မှာပဲ”ဟု ဦးကျော်ဝင်းက ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment