22.6.16

DKBA တပ်ဖွဲ့ဝင်၂ဝကျော် KNU ဘက်သို့ကူးပြောင်း

ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် (DKBA) မှ တပ်ရင်းမှူးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင်၂ဝကျော်သည် ကရင် အမျိုးသား အစည်းအရုံး (KNU) ထံသို့ ဘက်ပြောင်း ပူးပေါင်းခဲ့ကြောင်း KNU ထံမှ သိရသည်။

ဇွန်လ ၁၇ ရက်နေ့က မြဝတီမြို့နယ်အတွင်း အခြေစိုက်သော DKBA တပ်ဖွဲ့ဝင်အချို့ KNU ဘက်သို့ ကူးပြောင်းခြင်းမှာ DKBA စစ်ဦးစီးချုပ် အသစ်ဖြစ်သော ဗိုလ်ချုပ်စောမိုးရှေ့ လက်ထက်တွင် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းလည်းဖြစ်သည်။
ယင်းတပ်ဖွဲ့ဝင်များ အနေနှင့် မည်သည့်အတွက် လာရောက်ပူးပေါင်း လာသည်ကို အတိအကျ မသိရသော်လည်း လာရောက်ပေါင်းစည်းသည့် သတင်းမှာ ဟုတ်မှန်ကြောင်း KNU အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ဆိုသည်။
လက်ရှိတွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် KNU မှ ခွဲထွက်သွားသော ဒီမိုကရေစီ အကျိုးပြု ကရင့်တပ် DKBA၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNLA-PC နှင့် DKBA မှ ထုတ်ပယ်ခံထားရသော ဗိုလ်ချုပ်စောကျော်သက် ဦးဆောင်သည့်အဖွဲ့ စသဖြင့်ရှိနေပြီး ယင်းလက်နက်ကိုင်များ ပေါင်းစည်းနိုင်ရေး လုပ်ဆောင်နေသည့်အချိန်တွင် ယခုကဲ့သို့ လာရောက်ပူးပေါင်းမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ၎င်းကရှင်းပြသည်။
“ဒီအဖွဲ့အစည်းက ထွက်သွားပြီး တချို့ကပြန်ပြီး ပေါင်းတာတွေ ရှိပါတယ်၊ အခုကလည်း ကရင်လက်နက်ကိုင်တွေ ပေါင်းစည်းတဲ့နည်းလမ်းရှာတော့ မိခင်အဖွဲ့အစည်းကို ပေါင်းလာတဲ့သဘောပါ”ဟု ဖဒိုစောကွယ်ထူးဝင်းက ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ထံမှ ကွယ်လွန်သွားပြီဖြစ်သော ဗိုလ်ချုပ်ကြီးစောလားဘွယ်က ဦးဆောင်ပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်အဖြစ် ခွဲထွက်ခဲ့သော်လည်း ၂ဝ၁ဝ ပြည့်နှစ်တွင် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ် DKBA အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
KNU, DKBA နှင့် KNLA-PC တို့သည် ယခင်အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment