22.6.16

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်

ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဗိုင်းရပ်စ်ပိုးများ၊ ဗက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးမွှားများစသည့် ရောဂါပိုးများကြောင့် ဖြစ်ပွားရပြီး ငါးနှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားသည့် ပြင်းထန်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါမှာ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်ကြောင်း၊ အာဟာရမပြည့်ဝသော ကလေးများတွင် ဖြစ်နိုင်ခြေပိုများသည့်အတွက် အာဟာရသင့်တင့်မျှတစွာ ကျွေးရန်လိုအပ် ကြောင်း ဇွန် ၁၉ ရက်က (ParkRoyal) ဟိုတယ်၌ ပြုလုပ်ခဲ့သည့် ၂ဝ၁၆ ခုနှစ် ကမ္ဘာ့ကလေးများနေ့ကို ကြိုဆိုသောအားဖြင့် ပြုလုပ်သော ငါးနှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာ ဟောပြောပွဲမှသိရသည်။

''အချို့ အမေတွေက ကလေးငယ်တွေ ဝမ်းလျှောတာနဲ့ နို့တိုက်တာတို့ အစာကျွေးတာတို့ကို လျှော့ပစ်တတ်ကြတယ်။ အဲဒီအခါ ကလေးက အာဟာရ မပြည့်တော့ ပိုပြီးဆိုးလာတယ်။ ဒါကြောင့် ကလေးငယ်တွေကို နို့ဆက်တိုက် ပါ၊အစာဆက်ကျွေးပါ ဒါအရေးကြီးတယ်'' ဟု ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက ပြောသည်။
ထိုသို့ ငါးနှစ်အောက်ကလေးများတွင် ဖြစ်တတ်သည့် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုကို ကာကွယ်ရန်အတွက် ရေကိုကျိုချက်သောက်သုံးသင့် ကြောင်း၊ အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း ကလေးကို သန့်ရှင်းစွာ ပြုလုပ်ပေးရမည်ဖြစ်ပြီး လက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောပေးရ မည်ဖြစ်ကြောင်း၊ ယင်လုံအိမ်သာအသုံးပြုသင့်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါသည် ယင်ကောင်မှတစ်ဆင့် ကူးစက်သည့်အတွက် အစားအစာများကို စနစ်တကျ ဖုံးအုပ်ထားသင့်ကြောင်း၊ သေချာစွာကျက်အောင် ချက်ပြုတ်စား သောက်သင့်ကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက ဓာတ်ဆားရည်တိုက် ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။
ကမ္ဘာပေါ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရသည့် ငါးနှစ်အောက်ကလေးငယ် အားလုံး၏ ၄ဝရာခိုင်နှုန်းခန့်သည် ရိုတာဗိုင်းရပ်စ် ကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ငါးနှစ် အောက်ကလေးငယ် ဆေးရုံတက်ရမှု ၅၂ ရာခိုင်နှုန်းမှာ ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်ကြောင်းWHO မှ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကလေးများအား တိုက်ကျွေးရန် တိုက်တွန်းထားကြောင်းနှင့် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို အနည်းဆုံး နိုင်ငံပေါင်း ၈ဝ ၏ တိုးချဲ့ကာကွယ်ဆေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ် စစ်တမ်းများအရ ကမ္ဘာတစ်ဝန်းရှိ ငါးနှစ်အောက်ကလေး ငယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဒုတိယအဖြစ်များကြောင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုနှုန်းသည် ငါးသိန်းကျော်ရှိကြောင်း ဟောပြောပွဲမှ သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment