21.6.16

မန္တလေးအိမ်ခြံမြေဈေးကွက်တွင် Down Town ဧရိယာအတွင်း၌ အရောင်းအ၀ယ် လုံးဝ မရှိသလောက်ဖြစ်နေပြီး မြို့သစ်ဘက်ပိုင်းတွင် ကျပ်သိန်း ၁၀၀၀ ၀န်းကျင်မှ ကျပ်သိန်း ၇၀၀၀ ကျော်ခန့် မြေကွက်များ အရောင်းအ၀ယ် ပြန်လိုက်လာ

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် Down Town ဧရိယာအတွင်းရှိ ကျပ်သိန်းသောင်းချီသော အရောင်းအ၀ယ်များ မရှိသလောက် ဖြစ်နေပြီး မြို့သစ်ဘက်ပိုင်းတွင်မူ ကျပ်သိန်း ၁၀၀၀ ကျော်မှ ကျပ်သိန်း ၇၀၀၀ ၀န်းကျင်ခန့် မြေကွက်များ အရောင်းအ၀ယ် ပြန်လိုက်လာကြောင်း စုံစမ်းသိရသည်။
“လက်ရှိဈေးကွက်ကတော့ မြို့သစ်ဘက်ပိုင်းတွေမှာ မ၀ယ်မဖြစ်တဲ့သူတွေက ၀ယ်လာလို့ အရောင်းအ၀ယ် ပြန်လိုက်လာတယ်လို့ ပြောလို့ရတယ်။ အခုရက်ပိုင်းလေးမှာပဲ ၄၀ ထ ၆၀ လေးကွက်တွဲကို ကျပ်သိန်း ၆၀၀၀ ကျော်နဲ့ တည့်သွားတယ်လို့ ကြားတယ်။ ကျွဲဆည်ကန် ကားကွင်းတစ်ဝိုက်က (ယ၊ သ၊ ၀၊ လ၊ ဟ)တို့အကွက်တွေမှာ အရောင်းအ၀ယ်တွေ သူ့ဟာနဲ့သူ ဖြစ်နေကြတယ်။ ရောင်းတဲ့သူက ချမရောင်းလို့ ဈေးက မာတာပဲ။ မြို့ထဲအနေနဲ့ ကတော့ မရှိသလောက်ပဲ။ အခုဖြစ်နေတာတွေက အဆောက်အအုံမပါ မြေကွက်သီးသန့်တွေ များတယ်။ အမြင့်ဆုံးကတော့ သိန်း ၈၀၀၀ ၀န်းကျင် လောက်ပဲ။ ကျပ်သိန်းတစ်သောင်းအောက်လို့ ပြောလို့ရတယ်” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။

“၄၀ x ၆၀ ပတ်လည်ကို နေရာပေါ်မူတည်ပြီး ကျပ်သိန်း ၁၀၀၀ ကနေ ၁၅၀၀ ကြား အကွက်တွေ အဖြစ်များတယ်။ လတ်တလော အိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ် မဖြစ်တာကြာတော့ နေရာအလိုက် တစ်ပေပတ်လည် ဈေးနှုန်းအနေနဲ့က ပြောဖို့ခက်တယ်။မှန်းဆလို့လည်း မလွယ်ဘူး။ သိပ္ပံလမ်းပေါ်ကတော့ အရောင်းအ၀ယ်မကြားတာ အတော်ကြာနေပြီ။ ဈေးနှုန်းကို မှန်းဖို့ခက်တယ်။ ပြောရရင် သိပ္ပံလမ်းပေါ်ဝန်းကျင် အရောင်းအ၀ယ်က မြို့ထဲ Down Town ဧရိယာမှာ အရောင်းအ၀ယ် မရပ်ခင်ကတည်းက မရှိတော့တာ” ဟု ၀ါရင့်အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

လတ်တလော အရောင်းအ၀ယ် ပြန်လိုက်လာသည့် အကွက်များမှာ ယာယီစာချုပ် အလွှဲအပြောင်းများဖြင့်သာ ရောင်းဝယ်၍ လက်လွှဲလက်ပြောင်း ပြုလုပ်ကြခြင်းဖြစ်ပြီး အခွန်နှုန်းထားသစ်ကြောင့် အခွန်စည်းကြပ်ခြင်း မရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုပါသည်။

“သိန်းတစ်သောင်းတန် အကွက်ကို ၀ယ်ပြီး အခွန်စည်းကြပ်မယ်ဆိုရင် သူ့အရင်းက ကျပ်သိန်းတစ်သောင်းခွဲလောက် ဖြစ်သွားမယ်။ ဒီတော့ဝယ်ပြီးရင်တော့ ပတ်ကားစာချုပ်ထွက်ဖို့ အခွန်စည်းကြပ်မှု မလုပ်နိုင်ဘူး။ ဒါကြောင့်  GP နဲ့ပဲ ချုပ်ကြတာပေါ့” ဟု အဆိုပါ အကျိုးဆောင်က ပြောကြားသည်။
Credit To>>> Eleven Media Group

0 comments:

Post a Comment