21.6.16

ဇူလိုင် ၁ ရက်မှစတင်၍ ခရီးသွားလုပ်ငန်းဆိုင်ရာလိုင်စင်များ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ပေးမည်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာလိုင်စင် လျှောက်ထားမှု တွင် ပိုမိုလွယ်ကူအဆင်ပြေစေရန်အတွက် လာမည့် ဇူလိုင် ၁ ရက်မှစတင်ကာ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းလိုင်စင် လေးမျိုးကို ခွင့်ပြုပေးလျက်ရှိရာ ဟိုတယ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းလိုင်စင်၊ ခရီးသွားကုမ္ပဏီများကို ပေးအပ်လျက်ရှိသည့် ခရီးသွားလုပ်ငန်းလိုင်စင်၊ ဧည့်လမ်း ညွှန်များအတွက် ဧည့်လမ်းညွှန်လိုင်စင်၊ Tourist Transport Business ဖြစ်သည့် ခရီးသွားသယ်ယူ ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းလိုင်စင်တို့ကို သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိပြီး လုပ်ငန်းဆောင်ရွက်လိုသူများ လိုင်စင်လျှောက်ထား ရာတွင် အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် အွန်လိုင်းမှ လိုင်စင်လျှောက်ထားခြင်းကို ဆောင်ရွက်ပေးသွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက ဇွန် ၁၉ ရက် ညပိုင်းတွင် အင်းလျားလိတ် ဟိုတယ်၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ထည့်သွင်းပြောကြားခဲ့သည်။
''၂ဝ၁၆ ဇူလိုင် ၁ ရက်ကနေစပြီး အွန်လိုင်း ကနေ လိုင်စင်ထုတ်ပေးနိုင်ဖို့အတွက် စမ်းသပ်ဆောင်ရွက်ဖို့ ပြင်ဆင်ထားရှိပြီးဖြစ်ပါတယ်။ ဝန်ကြီး ဌာနမှာ လိုင်စင်လျှောက်ထားတဲ့သူတွေအတွက် ပိုမိုလွယ်ကူအဆင်ပြေအောင် အွန်လိုင်းကနေ လိုင်စင်ပေးဖို့ ရည်ရွယ်ချက်ရှိပြီးတော့ ဇူလိုင် ၁ ရက်ကစတင်ပြီး စီမံဆောင်ရွက်မယ်ဆိုတာကို ရှင်းလင်းပြောကြားလိုတာပါ။ e-Government လုပ်ငန်းစဉ်တွေအားလုံးကို နိုင်ငံတော်က မူချမှတ် ပြီး အကောင်အထည်ဖော်နေတာဖြစ်တဲ့အတွက် ဝန်ကြီးဌာနကလည်း ကိုယ်နဲ့ဆိုင်တဲ့လုပ်ငန်းတွေအားလုံးကို တောက်လျှောက်ဆောင်ရွက်လျက်ရှိပါ တယ်''ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဆိုပါသတင်းစာရှင်းလင်း ပွဲတွင် ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ကြသောခရီးသွားများ ခရီးသွားဆိုင်ရာ သတင်း အချက်အလက်များ ပေးအပ်နိုင်ရန်အတွက် Tourist Card အသုံးပြုနိုင်ရန်အတွက်လည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။
မြန်မာ့ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတကာကသိရှိစေရန် ခရီးသွားမြှင့်တင်မှုများကို ဆောင်ရွက်လျက်ရှိပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း ငါးနိုင်ငံ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာစဉ် အင်းလျားလိတ်ဟိုတယ်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံကာ ဝန်ကြီး ဌာန၏ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများ နှင့် အနာဂတ်လုပ်ငန်းစဉ်များအပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment