21.6.16

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဘက်စုံလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာထုတ်ပြန်

ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းနိုင်ရန် အဘက်ဘက်က တိုးမြှင့်ဆောင်ရွက် နေကြောင်း၊ ကုန်စည်စီးဆင်းမှုနှင့်အတူ အရင်းအနှီးစီးဆင်းမှု၊ အလုပ်အကိုင်အခွင့်အလမ်းများစီးဝင်လာမှု၊ ပို့ကုန်ကဏ္ဍမြင့်တက်လာမှုနှင့် စီးပွားရေးတိုးတက်မှုကွင်းဆက်များ တစ်ခုပြီးတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရန် အစိုးရအနေဖြင့် အလေးထားဆောင်ရွက်နေကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ Hilton Hotel ၌ ကျင်းပသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် World Bank Group တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဘက်စုံလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားတွင် ဒုတိယသမ္မတက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒုတိယသမ္မတက မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းနိုင်ရန် ကြိုးပမ်းလျက်ရှိရာတွင် အတားအဆီးများ၊ နည်းပညာ ပံ့ပိုးကူညီမှုများ၊ မူဝါဒများအား မည်သည့်ကဏ္ဍများတွင် လိုအပ်နေသည်ဆိုသည့် အချက်အလက်များကို ယခုအစီရင်ခံစာတွင် ဖော်ထုတ်ထားပါကြောင်း၊ ယခုအစီရင်ခံစာသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ မြန်မာနိုင်ငံနည်းတူ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်း စဉ်တစ်ခုဖြစ်ကြောင်း။
ကမ္ဘာ့စီးပွားရေးတိုးတက်မှုမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ လျော့ကျ သွားခဲ့ကြောင်း၊ ယင်းမှာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ စီးပွားရေးနှေးကွေးလာမှု၊ ကုန်စည်ဈေးနှုန်းများကျဆင်းလာမှု၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု အားပျော့ လာမှု၊ အရင်းအနှီးစီးဆင်းမှု နှေးကွေးသွားမှုတို့ကြောင့် ဖြစ်ကြောင်း၊ ထွန်းသစ်စဈေးကွက်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပို့ကုန်တင်ပို့မှုများသည် ရေနံဈေးနှုန်းကျဆင်းလာမှုကြောင့် ရုန်းကန်နေရသည့် အနေအထားသို့ ရောက်ရှိလာကြောင်း၊ တိုးတက်မှုနှေးကွေးနေသော ကမ္ဘာ့စီးပွားရေး အခြေအနေ၊ စီးပွားရေးမူဝါဒ ထိန်းညှိမှုဆောင်ရွက်ချက်များကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ကမ္ဘာ့စီးပွားရေးဖွဲ့စည်းတည်ဆောက်မှုပုံစံကို ပြုပြင်ပြောင်းလဲရန် အရေးတကြီးလိုအပ်လာကြောင်း။
ကမ္ဘာ့စီးပွားရေး နှေးကွေးလာသည်နှင့်အမျှ အာရှဒေသတွင်း စီးပွားရေးအင်အားကြီးနိုင်ငံများ၏ စီးပွားရေးသည်လည်း နှေးကွေးလာကြောင်း၊ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးနှင့် ပေါင်းစည်းမှုအလျင်အမြန်မြင့်မားလာရန် အရေးကြီးကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှုကဏ္ဍတွင် ကမ္ဘာကြီးနှင့် မြန်မြန်ဆန်ဆန် ပေါင်းစည်း နိုင်ရန်အရေးကြီးကြောင်း၊ မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှုတန်ဖိုးနှင့် ကုန်သွယ်မှု အချိုးမှာ ၃ဝ ရာခိုင်နှုန်းခန့်အထိရှိနေကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အချက်အချာကျမှုကို အကျိုးရှိရှိထိထိရောက်ရောက်အသုံးချနိုင်ရန် ကုန်သွယ်မှု ကဏ္ဍမြင့်မားလာရေးမှာ အထူးပင်အရေးကြီးနေကြောင်း။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ကုန်သွယ်မှုအခြေအနေမှာ တိုက်ရိုက်ဆက်စပ်နေကြောင်း၊ ယခုအစီရင်ခံစာသည် မိမိတို့အစိုးရအတွက် များစွာအထောက်အကူဖြစ်စေနိုင်မည့် အစီရင်ခံစာဖြစ်ကြောင်း၊ အစီရင်ခံစာပါ အားနည်းချက်များကိုပြင်ဆင်ပြီး အကြံပြုချက်များ၊ လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များ လုပ်ငန်းစဉ်များကို မိမိတို့အစိုးရပိုင်းက အလေးထားပြီး စဉ်းစားသုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကုန်သွယ်မှုဆိုင်ရာ ဘက်စုံလေ့လာဆန်းစစ်မှုအစီရင်ခံစာ၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏အားနည်း ချက်များ၊ အားသာချက်များကို သုံးသပ်ထားပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်မှု အခန်းကဏ္ဍမြှင့်တင်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ အကြံပြုနိုင်ရေးအတွက် ဖြစ်ကြောင်း၊ ယခုအစီရင်ခံစာကို ကုန်သွယ်မှုနှင့် ဆက်စပ်နေသော ဝန်ကြီးဌာန များ၊ ပုဂ္ဂလိကကဏ္ဍမှအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ကမ္ဘာ့ဘဏ်မှပညာရှင်များက အပြီးသတ်ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း။
ကုန်သွယ်မှုသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ပြီး ကုန်သွယ်မှုကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် မိမိတို့၏အားနည်းချက်၊ အားသာချက်များသိရှိမှသာ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝသယံဇာတနှင့် စိုက်ပျိုးရေးဆိုင်ရာအရင်းအမြစ်များ၊ လုပ်သားအင်အားများ၊ မဟာဗျူဟာတည်နေရာ အနေအထားတို့အရ အားသာချက်ရှိပြီးဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းအနေ အထားအရ ကမ္ဘာ့လူဦးရေ ၄ဝ ရာခိုင်နှုန်း၏ ဗဟိုချက်တွင်တည်ရှိသည့်အတွက် ဈေးကွက်ကြီးတစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း။
ကုန်ထုတ်လုပ်မှုတိုးတက်ရန်အတွက် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရန် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ၊ လူ့အရင်း အမြစ်များ၊ အရည်အသွေးစစ်ဆေးရေးနည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာကဏ္ဍများတွင် စွမ်းဆောင်ရည်များမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အမှုဆောင်အတွင်းရေးမှူး Dr. Ratnakar Adhikari ၊ ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Mr. Abdoulaye Seck ၊ ဥရောပနှင့် ထိုင်းနိုင်ငံဆိုင်ရာ လေ့လာရေးအဖွဲ့ စီးပွားရေးနှင့်ကုန်သွယ်ရေးဌာန အကြီးအကဲ Mr. Philipp Dupuis တို့က အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများ၊ ဥရောပသမဂ္ဂမှ တာဝန်ရှိသူများက အစီရင်ခံစာအပေါ် ရှင်းလင်းခြင်း၊ ဆွေးနွေးခြင်းနှင့် မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment