21.6.16

မသန်စွမ်းသူများ၏ ဘဝမြှင့်တင်နိုင်ရေးအတွက် မုံရွာပရဟိတ မသန်စွမ်းဘက်စုံဖွံ့ ဖြိုးရေး သင်တန်းကျောင်း (အောင်ဆုထွန်း တောက်)တွင် အကူအညီများလိုအပ်နေ


မသန်စွမ်းသူများ၏ ဘဝမြှင့်တင်နိုင်ရေးအတွက် ဆရာတော်၏ ဦးဆောင်မှုဖြင့် ပရဟိတမသန်စွမ်းဘက်စုံဖွံ့ဖြိုးရေး ကျောင်း (အောင်ဆုထွန်းတောက်)အား စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်တွင် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ဖွင့်လှစ်ခဲ့ရာ လတ်တလော ကာလတွင် ဘက်စုံအကူအညီများ လိုအပ်လျက်ရှိကြောင်း အဆိုပါကျောင်းမှ တာဝန်ခံကျောင်းအုပ် ဦးသိုက်ထွန်းထံမှ သိရသည်။
''ဒီကျောင်းမှာကတော့ မသန်စွမ်းသူတွေ ဘဝမြှင့်တင် ပေးဖို့အတွက် သင်တန်းတွေလည်း ဖွင့်လှစ် သင်ကြားပေး လျက်ရှိပါတယ်။ အဲဒီလို ဖွင့်လှစ်သင်ကြားတဲ့နေရာမှာ သင်တန်းခန်းမရယ်လို့လည်း သီးသန့်မရှိသေးပါဘူး။ လက်ရှိဆောက်လုပ်ထားတဲ့ အမျိုးသမီးအိပ်ဆောင်က အခန်းလေးထဲမှာပဲ သူတို့တစ်တွေကို သင်ကြားပေးနေရပါတယ်။ နောက်တစ်ခုက အဲဒီလို အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားပေးဖို့အတွက် သင်ထောက်ကူပစ္စည်းတွေ လိုအပ်လျက်ရှိပါတယ်။ ဥပမာ ကွန်ပျူတာအခြေခံ သင်တန်းမှာဆိုရင် တစ်ကျောင်းလုံးမှာ ကွန်ပျူတာတစ်လုံးပဲ ရှိတဲ့အတွက် တချို့သင်ကြားရေးအပိုင်းတွေမှာ အခက်အခဲတွေရှိပါတယ်'' ဟု ပြောပြသည်။
မသန်စွမ်းသူများသည်လည်း သန်စွမ်းသူများကဲ့သို့ တန်းတူအခွင့်ရေးရရန်လိုကြောင်းလည်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။
မသန်စွမ်းကျောင်းသားတစ်ဦးဖြစ်သူ မောင်အောင်နိုင်လင်းကလည်း ''နေ့စဉ်ဘဝရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားဖို့အတွက် ဒီကျောင်းကို ရောက်ရှိနေခြင်း ဖြစ်ပါတယ်။ မသန်စွမ်းသူတွေရဲ့
နေ့စဉ် ဘဝမှာ သန်စွမ်းသူတွေထက် အခက်အခဲတွေရှိပါတယ်။ ဝါသနာပါတဲ့ အသက်မွေးအတတ်ပညာတွေကို သင်ယူရင်း ဘဝတူမသန်စွမ်းတွေကို ကိုယ်တတ်ထားတဲ့ ပညာတွေ ပြန်လည်မျှဝေပေးမယ်လို့ စိတ်ကူးထားတယ်။ ကျွန်တော်တို့မှာ သင်ယူချင်စိတ်တွေ၊ တတ်မြောက်ချင်စိတ်တွေ အများကြီးရှိပါတယ်။ ကျောင်းမှာက နည်းပြအင်အားနှင့် သင်ထောက်ကူပစ္စည်းတွေ အားနည်းနေလို အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာရပ်တွေ လာရောက် ပို့ချပေးမယ့် ပရဟိတနည်းပြတွေလည်း ထပ်မံလိုအပ်နေပါတယ်။ နောက်တစ်ခုက ပြင်ပမှာဖြစ်ပျက်နေတဲ့ သုတ၊ ရသ အကြောင်းအရာတွေကို သန်စွမ်းသူတွေနည်းတူ တွေ့မြင်၊ကြားသိချင်ပါတယ်။ ကျောင်းမှာက စာအုပ်အနည်းငယ်သာ ရှိပြီး သတင်းအချက်အလက်တွေ အချိန်နဲ့တစ်ပြေးညီ သိဖို့ကြည့်ဖို့နဲ့ ကြားမြင်ဗဟုသုတတွေ တိုးပွားဖို့အတွက် ကျောင်းမှာ TV တို့ Sky Net တို့ တပ်ဆင်ပေးနိုင်ရင် အလွန်ကောင်းမယ်'' ဟု ပြောသည်။
သို့ဖြစ်ရာ အဆိုပါ မုံရွာပရဟိတ မသန်စွမ်းဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်း (အောင်ဆုထွန်းတောက်) ရှိ မသန်စွမ်းသူများအတွက် အနယ်နယ်အရပ်ရပ်မှ ထောက်ပံ့ကူညီလိုသူများအနေဖြင့် ပရဟိတ မသန်စွမ်းလက်စုံဖွံ့ဖြိုးရေး
ကျောင်း သီတာအေးလမ်းနှင့် (၁၂)လမ်းကြား လမ်းသွယ် (၁) နှင့် (၂) ကြား ချမ်းမြဝတီရပ်ကွက် မုံရွာမြို့။ ဖုန်း ဝ၉-၇၈၅၇၅၃၆၉၆ နှင့် ဝ၉-၄၄ဝ၆၇၇၃၇၄ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment