22.6.16

မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်ပစ်ခတ်ဖွယ်ရှိမှုကြောင့် ဂျပန်နိုင်ငံ၌ တပ်မတော်ကို တပ်လှန့်ထား

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည်ပစ်ခတ်ဖွယ်ရှိမှုကြောင့် ဂျပန်နိုင်ငံ၌ တပ်မတော်ကို တပ်လှန့်ထားကြောင်း အမည်မဖော်သူ အစိုးရတာဝန်ရှိသူတစ်ဦးက ဇွန် ၂၁ ရက်တွင် ပြောကြားသည်။

ဂျပန်ရေတပ်နှင့် ပဲ့ထိန်းဒုံးကျည်တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်များက နိုင်ငံပိုင်နက်အတွင်းဘက်သို့ ဝင်ရောက်လာ နိုင်ဖွယ်ရှိသော မည်သည့်ဒုံးကျည်ကိုမဆို ပစ်ချရန် ပြင်ဆင်ထားကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံသည် ယင်း၏ အရှေ့ဘက်ပင်လယ်ကမ်းရိုးတန်းဒေသသို့ တာလတ်ပစ်ဒုံးကျည်တစ်စင်းကို ရွှေ့ပြောင်းခဲ့သည်ဟု ယူဆရသည်။ သို့ရာတွင် လတ်တလောကာလတွင် ဒုံးကျည်ပစ်ခတ်မည့် လက္ခဏာများကို မတွေ့မြင်ရကြောင်း တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနက အမည်မဖော်သူတာဝန်ရှိသူတစ်ဦးကို ကိုးကားလျက် သတင်းထုတ်ပြန်သည်။
ယွန်ဟပ်သတင်းဌာန၏ သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဌာနက အတည်ပြုပြောကြားခြင်းမရှိပေ။ မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်ဖွယ်ရှိမှုနှင့်ပတ်သက်၍ တောင်ကိုရီးယားစစ်ဘက်က အနီးကပ်လေ့လာစောင့်ကြည့်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဂျပန်နိုင်ငံသည် ပက်ထရီယော့ဒုံးခွင်းဒုံးစနစ်များကို ဖြန့်ကြက်ထားကာ စစ်ရေးတပ်လှန့်မှုကို တိုးမြှင့်ထားသည်။ ဂျပန်နိုင်ငံသည် ယခုနှစ်အတွင်း ဒုံးခွင်းဒုံးတပ်ဖွဲ့များကို ကြိမ်ဖန်များစွာ တပ်လှန့်ခဲ့ရသည်။
မြောက်ကိုရီးယားနိုင်ငံက မေလတွင် ပစ်ခတ်ရန် ကြိုးပမ်းခဲ့သော ဒုံးကျည်အမျိုးအစားဖြစ်သည့် မူဆူဒန် ဒုံးကျည်ကို ယင်းနိုင်ငံက ပစ်ခတ်ရန် ပြင်ဆင်ဖွယ်ရှိကြောင်း ဂျပန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Credit To >>> The Mirror Daily


0 comments:

Post a Comment