22.6.16

ဖွံ့ဖြိုးတိုးတက်ရေးအတွက် အီးယူနှင့် မြန်မာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မည်

ဥရောပသမဂ္ဂ(အီးယူ)နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် လူဇင်ဘတ်နိုင်ငံတွင် ဇွန် ၂ဝ ရက်က ကျင်းပခဲ့သည့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးကောင်စီအစည်းအဝေးတွင် ဥရောပ သမဂ္ဂ၏ မဟာဗျူဟာကောင်စီဆုံးဖြတ်ချက်ကို အတည်ပြုချမှတ်ခဲ့သည်။ မြန်မာအစိုးရဖော်ဆောင်နေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ် ဆက်လက်ထောက်ခံကူညီသွားမည်ဖြစ်ကြောင်းကို ထပ်မံဖော်ပြခြင်းဖြစ်ကြောင်း အီးယူနိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒအကြီးအကဲ ဖက်ရီကာ မိုဂါရီနီက ကြေညာချက်တွင် ထည့်သွင်းပြောကြားသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို အလေးအနက်ထားပြီး ၂ဝ၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲရလဒ်ဖြင့် တည်ငြိမ်အေးချမ်းစွာအာဏာလွှဲပြောင်းနိုင်မှုကို ကြိုဆိုထောက်ခံကြောင်း ဖော်ပြထားသည်။ မြန်မာအစိုးရသစ်သည် ဒီမိုကရေစီစနစ် ထွန်းကားရေး၊ ငြိမ်းချမ်းသာယာရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးတို့ကို စွမ်းဆောင်ရန် သမိုင်းဝင်အခွင့်အလမ်းများရရှိလျက်ရှိသည်။ အီးယူအနေဖြင့် မြန်မာနိုင်ငံရင်ဆိုင်ဖြေရှင်းရမည့် အခက်အခဲများနှင့် အသွင်ကူးပြောင်းမှုများကို ထောက်ပံ့ကူညီရန် ထပ်မံကတိ ပြုခဲ့ကြောင်း ကောင်စီဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
အီးယူ၏ ဆုံးဖြတ်ချက်များတွင် မြန်မာတပ်မတော်အပါအဝင် မြန်မာနိုင်ငံရေးတွင် အရေးပါသူအားလုံးနှင့် ပိုမိုထိတွေ့ဆက်ဆံသွားမည်ဖြစ်ပြီး မြန်မာအရပ်သားအစိုးရသစ်၏ ဒီမိုကရေစီအရေးလှုပ်ရှား တက်ကြွမှုနှင့် အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် ကျင့်သုံးနေမှုများကိုလည်း အီးယူက ထောက်ခံအားပေးသည်။ မြန်မာ အစိုးရအနေဖြင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင် ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် အဓိကကျသည့် အခန်းကဏ္ဍမှရှိနေကြောင်း အီးယူက ရှုမြင်သည်။
မြန်မာအစိုးရသစ်က နိုင်ငံရေးအကျဉ်းသားများနှင့် လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူများကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့မှုကိုလည်း အီးယူက ကြိုဆိုထောက်ခံသည်။ လူ့အခွင့်အရေးအခြေအနေ တိုးတက်ရန် မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ဥပဒေများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေး ဆက်လက်လုပ်ဆောင်သွားရန် အီးယူက တိုက်တွန်းထားပြီး ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင်နာမင်းကြီးရုံးကိုလည်း မြန်မာနိုင်ငံတွင် ဖွင့်လှစ်သွားရန် ရည်ရွယ်ထားသည်။
မြန်မာနိုင်ငံမှ လူနည်းစုလူမျိုးများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် အီးယူက မြန်မာအစိုးရကို တောင်းဆိုထားပြီး ရခိုင်ပြည်နယ်တွင် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အီးယူက အပြုသဘောမြင်ကြောင်း ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် မြန်မာအစိုးရက ကြိုးပမ်းဖော်ဆောင်နေသည့် ၂၁ ရာစုပင်လုံညီလာခံပေါ်ပေါက်လာရေး အားထုတ်မှုများကိုလည်း အီးယူက ကြိုဆိုထောက်ခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ရန်ပုံငွေများကိုလည်း ဆက်လက်ထောက်ပံ့ကူညီသွားမည်ဟု ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment