15.7.16

နတ်မတောင် အမျိုးသားဥယျာဉ်ကို ယူနက်စကိုစာရင်း ထည့်သွင်းနိုင်ရေး ကားလမ်းဖောက်မှု တားမြစ်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် အတွင်းရှိ နတ်မတောင် အမျိုးသားဥယျာဉ်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ထည့်သွင်းနိုင်ရေးအတွက် နတ်မတောင် အမျိုးသားဥယျာဉ်အတွင်း ကားလမ်းဖောက်လုပ်နေမှုများကို စတင်တားမြစ်နေပြီ ဖြစ်ကြောင်း နတ်မတောင် အမျိုးသားဥယျာဉ် အုပ်ချုပ်ရေမှူး ဦးသိန်းလွင်က ပြောသည်။

ကန်ပက်လက်မြို့၌ ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပခဲ့သည့် ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအပြီး ယခုကဲ့သို့ တားမြစ်လိုက်ခြင်း ဖြစ်သည်ဟာ ၎င်းက ထပ်မံပြောဆိုသည်။
လာမည့် ၂၀၁၈ ခုနှစ်အတွင်း ယူနက်စကိုအဖွဲ့က နတ်မတောင် အမျိုးသားဥယျာဉ်ကို စားရင်တင် ထည်သွင်းနိုင်ရေးအတွက် လာရောက်ကြည်ရှုသည့်အခါ စာရင်းတွင် ပါဝင်လာစေရေးအတွက် ကားလမ်းဖောက်လုပ်နေမှုကို တားမြစ်ခဲ့ခြင်း ဖြစ်သည်။
နတ်မတောင် အမျိုးသားဥယျာဉ်ကို ၂၀၁၄ ခုနှစ်က ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး စာရင်းတွင် ထည်သွင်းနိုင်ရန် စာရင်းတင်သွင်းခဲ့သော်လည်း နတ်မတောင် အမျိုးသားဥယျာဉ်အတွင်း ကားလမ်းဖောက်လုပ်မှုကြောင့် သစ်တောများ ပြုန်းတီးကာ ဇီဝမျိုးနွယ်စုများ ကျက်စားနေထိုင်နိုင်မှု ပျက်စီးသည့်အတွက် ပါဝင်ခဲ့ခြင်း မရှိပေ။
“နတ်မတောင် အမျိုးသားဥယျာဉ် အတွင်းမှာ ကျေးရွာတွေကလည်း ရှိနေတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ ကားလမ်းတွေ ဖောက်ပါတယ်။ အဲ့ဒီလို ဖောက်တဲ့အခါ သဘာဝပတ်ဝန်းကျင် ထိခိုက်ပြီး ယူနက်စကိုက လာကြည့်တဲ့အခါ မပါဝင်ဘူး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် နတ်မတောင် အမျိုးသားဥယျာဉ်အတွင်း ကားလမ်းဖောက်နေမှု တားမြစ်ချက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့ရဲ့ လမ်းညွန်ချက်နဲ့ စတင်ဆောင်ရွက်နေပါပြီ” ဟု ဦးသိန်းလွင်က ပြောသည်။
နတ်မတောင် အမျိုးသားဥယျာဉ်အတွင်း မိုင် ၁၅၀ အရှည်ရှိ မြေထိုးကားဖြင့် ဖောက်ထားသည့် ကားလမ်းများ ဆက်လက်မဖောက်တော့ရန် တားမြစ်ထားပြီး ဖြစ်သည်ဟု ၎င်းက ထပ်မံပြောဆိုသည်။
နတ်မတောင် (ခေါ်နှုမ်းသုန်) တောင်သည် ဧရိယာ စတုရန်းမိုင် ၂၇၅.၅ ကျယ်ဝန်းပြီး မြန်မာနိုင်ငံရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေ အဖြစ် သတ်မှတ်ထားသည့် နယ်မြေကိုးခုအနက် တစ်ခု အပါအဝင် ဖြစ်သည်။ အဆိုပါတောင်ကို အမျိုးသားဥယျာဉ်အဖြစ် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၂ ရက်က စတင် ကြေညာသတ်မှတ်ခဲ့သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment