8.8.16

ဂျပန်ထိန်းချုပ်ထားသည့် ကျွန်းအနီး တရုတ် သင်္ဘောအုပ်စုတစ်ခု ဖြတ်သန်း ခုတ်မောင်းခဲ့


မိမိတို့ ထိန်းချုပ်ထားရာ ကျွန်းတစ်ကျွန်း အနီးထိ တရုတ်သင်္ဘောအုပ်စု တစ်ခုက နီးကပ်စွာ ခုတ်မောင်းခဲ့ကြောင်း ဂျပန်က စွပ်စွဲ ပြောကြားခဲ့သည်။

ရေယာဉ် အစီးရေ ၂၃၀ မျှ ပါဝင်သည့် ရေတပ်ဖွဲ့ တစ်ခုသည် အရှေ့တရုတ်ပင်လယ်ထဲရှိ ဆန်ကာကူ ကျွန်းအနီးထိ ချဉ်းကပ်ခဲ့ကြောင်း ဂျပန်က ဆိုသည်။ အဆိုပါ ကျွန်းကို ပိုင်ဆိုင်ခွင့်အတွက် တရုတ်နှင့်ဂျပန် အငြင်းပွားလျက် ရှိနေပြီး လတ်တလောတွင် ဂျပန်က ထိန်းချုပ်ထားသည်။
တရုတ်၏ ရေတပ်ဖွဲ့တွင် ကမ်းခြေစောင့် ရေယာဉ်များက ဦးဆောင်ကာ ငါးဖမ်းလှေ အများအပြားလည်း ပါဝင်ခဲ့ကြောင်း ဂျပန်က ဆိုသည်။ ယင်းတို့အနက် အနည်းဆုံး ၃ စီးသည် လက်နက် တပ်ဆင်ထားသည်ဟုလည်း သိရသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဂျပန်အစိုးရက တရုတ်သံရုံးကို ဆက်သွယ်ကာ ကန့်ကွက်ကြောင်း အသိပေးထားသည်။
ဆန်ကာကူ ကျွန်းစုကို ဂျပန်က ထိန်းချုပ်ထားသော်လည်း တရုတ်က ၎င်းတို့ ပိုင်ဆိုင်သည်ဟု အရေးဆိုထားသည်။ ထိုကျွန်းကို တရုတ်တို့က ဒိုင်အိုယုဟု ခေါ်ဝေါ်သည်။ တရုတ်တွင် သမ္မတ စီကျင်းပင် အာဏာရလာကတည်းက တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ်တို့တွင် တရုတ်ပိုင်နက်အဖြစ် ယူဆသည့် ဒေသများကို လက်တွေ့ ထိန်းချုပ်ရန် ပိုမို၍ အားထုတ်လာသည်။
တောင်တရုတ် ပင်လယ်ဘက်တွင်လည်း တရုတ်သည် မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း အစရှိသည့် နိုင်ငံများနှင့် ရေပိုင်နက် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။ ပြီးခဲ့သည့်လက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ အခြေစိုက် သမာဓိ ခုံရုံးက တောင်တရုတ်ပင်လယ် ဧရိယာ အားလုံးနီးပါးကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု တရုတ်က အရေးဆိုထားမှုသည် အခြေအမြစ် လုံးဝမရှိဟု ဆုံးဖြတ်ခဲ့သော်လည်း တရုတ်အစိုးရက အဆိုပါ ခုံရုံးဆုံးဖြတ်ချက်ကို အသိအမှတ် မပြုဟု တုံ့ပြန်ခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment