8.8.16

ကုန်သွယ်မှုလုပ်ငန်းများမြန်ဆန်စေရန် နိုဝင်ဘာလတွင် MACCS စနစ် စတင်ကျင့်သုံးမည်


သွင်းကုန်၊ထုတ်ကုန် ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့မြန်ဆန် လွယ်ကူစေရန်အတွက် Myanmar Automatic Cargo Clearance System(MACCS) စနစ်ကို ယခုနှစ် နိုဝင်ဘာလတွင် စတင်ကျင့်သုံးသွား မည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
''စာရွက်စာတမ်းနဲ့လုပ်နေရာကနေ MACCS စနစ်နဲ့လုပ်တော့ ကုန်သွယ်မှုကို ပိုမိုမြန်ဆန်လာမယ်။ ဒီစနစ်က ကုန်ပစ္စည်းရှင်းလင်းရေးမှာ အလိုအလျောက် စနစ် ဖြစ်လာမယ့်အတွက် သွင်းကုန်၊ထုတ်ကုန်လုပ် နေတဲ့သူတွေ မသိလိုက်မရှိရအောင် သင်တန်းတွေ ပေးနေတယ်။ သြဂုတ် ၈ ရက်မှာ ဒီစနစ်ကို စတင်စမ်းသပ်ကျင့်သုံးမယ်။ ပါဝင်မယ့်အဖွဲ့အစည်းတွေကို MACCS စနစ်နဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ၊ ဒီစနစ်ရဲ့ ဝန်ဆောင်မှုအပိုင်းတွေက ဘာတွေလဲဆိုတာ ရှင်းပြတယ်''ဟု အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး (IT) ဦးမောင်မောင်တင့်ဆွေက ပြောသည်။

မြန်မာနိုင်ငံတွင် သွင်းကုန်၊ထုတ်ကုန် ကုန်သွယ်မှုလုပ် ငန်းများ မြန်ဆန်လွယ်ကူစေရန်အတွက် Myanmar Automatic Cargo Clearance System(MACCS)ကို ဂျပန်နိုင်ငံအစိုးရက ငွေကြေးနှင့်နည်းပညာအကူ အညီပံ့ပိုးပေးခဲ့ပြီး ၂ဝ၁၃ ခုနှစ်မှစတင်ခဲ့ကြောင်း၊ ယခုနှစ် သြဂုတ် ၈ ရက်တွင် MACCS စနစ်ကို စမ်းသပ်ကျင့်သုံး မည်ဖြစ်ပြီး နိုဝင်ဘာလမှစတင်ကာ ဆက်လက်ကျင့်သုံး သွားမည်ဖြစ်ကြောင်း သိရသည်။ 

''ကုန်သွယ်မှုမှာ ပါဝင်မယ့် အဖွဲ့အစည်းတွေကို တစ်နေရာတည်းကနေ အလုပ်လုပ်ပေးတာ။ အရင်တုန်းကတော့ စာရွက်စာတမ်းတွေနဲ့လုပ်နေရတာ။ အခုစနစ်က ဥပမာ- FDA ကို ကျန်းမာရေးထောက်ခံချက်သွားယူမယ် ဆို အွန်လိုင်းကနေ ယူလို့ရသွားပြီ။ စစ်ရမယ့်ပစ္စည်းကိုတော့ အွန်လိုင်းက ပို့လို့မရဘူး။ လူကိုယ်တိုင်သွားပို့ရမယ်။ ကျန်တဲ့ရုံးလုပ်ငန်းတွေကို အွန်လိုင်းကနေ အလုပ်လုပ်သွား မယ်၊ အဓိက အချိန်ကုန်သက်သာတယ်''ဟု ညွှန်ကြားရေး မှူး (IT) ဦးမောင်မောင်တင့်ဆွေက ပြောသည်။

MACCS စနစ်သည် အပြည်ပြည်ဆိုင်ရာကူးသန်းရောင်းဝယ်မှုလုပ်ငန်းစဉ်တစ်ရပ်လုံးတွင် ဆက်နွှယ်နေ သော ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရကဏ္ဍအကြား ပေါင်းကူး ဆက်သွယ်ရေးလုပ်ငန်းများကို အပြည့်အဝအထောက်အကူ ပေးနိုင်ရန် ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်ပြီး MACCS သည် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်း သတင်းအချက်အလက်များကို ကိုင်တွယ်ဆောင်ရွက်ပေးနိုင်ရုံ သာမက ကုန်စည်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း အကောက်ခွန်ကွပ်ကဲမှုနယ်မြေအတွင်း ထိန်းချုပ် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီး ဌာန ကုန်ပစ္စည်းအလိုအလျောက်ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးဌာနခွဲမှသိရသည်။

MACCS စနစ်သည် အကောက်ခွန်ဧရိယာအတွင်း ဝင်ရောက်လာသော (သို့မဟုတ်) ထွက်ခွာသွားသော ကုန်စည်များ၏ ရွှေ့ပြောင်းသယ်ယူမှုများကို ကြီးကြပ်ထိန်းချုပ်သွားနိုင်ပြီး ကြီးကြပ်ထိန်းချုပ်နိုင်ရုံသာမက ဆိပ်ကမ်းအတွင်းမှကုန်စည်များ တရားမဝင်ပျောက်ဆုံးခြင်း ကို ကာကွယ်နိုင်ခြင်း၊ အကောက်ခွန်ဧရိယာအတွင်း ကုန်စည်များနှင့် သွင်းကုန်၊ထုတ်ကုန် ဖြတ်သန်းကြေညာလွှာများကို ဆက်စပ်ပေးနိုင်ခြင်းအပြင် Perliminary Deckaration ကို တင်သွင်းထားပါကလည်း ကုန်စည်များ ရောက်ရှိချိန်တွင် Forman Declaration ကို အလို အလျောက်ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။

MACCS စနစ် အသုံးပြုမည့် သွင်းကုန်၊ ပို့ကုန် လုပ်ငန်းရှင်များ၊ အကောက်ခွန်ကိုယ်စားလှယ်များ၊ Other Government Agencies (OGA) များ၊ သင်္ဘောလိုင်း၊ လေကြောင်းလိုင်းများ၊ ဆိပ်ကမ်းများ၊ ကုန်လှောင်ရုံများ သည် အင်တာနက်မှတစ်ဆင့် ချိတ်ဆက်အသုံးပြုရ မည်ဖြစ်ကြောင်း သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment