12.8.16

ပုဂ္ဂလိက ကုမ္ပဏီများအား သစ်ခုတ်ခွင့် လုံးဝခွင့်မပြုတော့ဘဲ ရပ်ဆိုင်းမည်ဖြစ်ပြီး မြန်မာ့သစ်လုပ်ငန်းကသာ သစ်ထုတ်လုပ်မှု ပြုတော့မည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သမ္မတရုံးထံ တင်ပြထားကြောင်း သိရ

မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ခွင့် တစ်နှစ်ရပ်ဆိုင်းခြင်းနှင့် ပဲခူးရိုးမတွင် သစ်ခုတ်ခွင့် ၁၀ နှစ် တားမြစ်ခြင်းအပြင် မြန်မာ့သစ်လုပ်ငန်းမှ ယခင်ပုဂ္ဂလိက ကုမ္ပဏီများကို သစ်ခုတ်ခွင့်ပြုခဲ့ရာမှ လက်ရှိတွင် ပုဂ္ဂလိက ကုမ္ပဏီများအား သစ်ခုတ်ခွင့် လုံးဝမပြုရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သမ္မတရုံးသို့ တင်ပြထားကြောင်း သစ်တောဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောကြားသည်။

နယ်စပ်သစ်ကုန်သွယ်မှု ခေတ္တရပ်ဆိုင်း ပြီးနောက် တရုတ်နိုင်ငံသို့ သစ်တင်သွင်းမှု ထိုးကျသွားသော်လည်း တရားမ၀င်တင်သွင်း မှုရှိနေဆဲဖြစ်ကြောင်းနှင့် လက်ရှိအစိုးရမှ ပုဂ္ဂလိကသစ်ကုမ္ပဏီများ၏ သစ်ခုတ်ခွင့်ကို တားမြစ်မည့် ကြေညာချက်ထုတ်ပြန်ရန်ရှိကြောင်း  ဗြိတိန်နှင့် ၀ါရှင်တန်ဒီစီအခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းထောက်လှမ်းရေးအဖွဲ့ (EIA) ၏ ယခုလအတွင်း သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် တုံ့ပြန်ပြောကြား ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးမြန်းမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုမြင့်တက် နေသဖြင့် ၂၀၁၆-၂၀၂၅ ခုနှစ်မှ ၁၀ နှစ်အ တွင်း ကျွန်းသစ်ထုတ်လုပ်ခြင်းကို လုံးဝရပ် ဆိုင်းရန်နှင့် အကယ်၍ မရပ်ဆိုင်းဘဲ ဆက် ထုတ်မည်ဆိုပါက ပဲခူးရိုးမတစ်ခုလုံးတွင် ကျွန်းနှင့် သစ်မာထုတ်လုပ်ခြင်းကို လုံးဝရပ် ဆိုင်းရန် မေ ၁၄ ရက်က ရန်ကုန်မြို့ရှိ မြန်မာ့ သစ်လုပ်ငန်းရုံးချုပ် တော်ဝင်ခန်းမ၌ ကျင်းပ သည့် သစ်တောသယံဇာတ ရေရှည်တည်တံ့ ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲရလဒ်များကို သမ္မတရုံးသို့ တင်ပြရာတွင် ပုဂ္ဂလိက သစ်ကုမ္ပဏီများ၏ သစ်ခုတ်ခွင့် ရပ်ဆိုင်းမည့် အစီအစဉ် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်ကျော်လွင်က ဆိုသည်။
“တစ်ချိန်တုန်းက ကျွန်းသစ် တန်နှစ်သိန်းလောက်ထုတ်ခဲ့တယ်။ သစ်မာက တန် ၁၀ သိန်းလောက် ခုတ်ခဲ့တယ်။ အဲဒီလို ထုတ်ဖို့ အစိုးရရဲ့ အခြေအနေအရ တစ်ချိန်တုန်းက ဒေါ်လာသန်း ၃၀၀ ရှာပေး၊ ဒေါ်လာသန်း ၅၀၀ ရှာပေးဆိုတဲ့ Target နဲ့သွားခဲ့တော့ အဲဒီပမာဏ ထုတ်မှရမယ်။ သစ်တောဦးစီးဌာနက ပင်ထောင်ရိုက်ပေးရုံပဲ။ မြန်မာ့သစ်လုပ်ငန်း​က ထုတ်တယ်။ သူတို့က သူတို့စက်အင်အား နဲ့ ထုတ်မရတော့ မီဒီယာတွေ ပြောပြောနေတဲ့ ခရိုနီခေါ်မလား၊ ကုမ္ပဏီကြီးတွေလုပ်တော့ ကုမ္ပဏီကြီးတွေ ၀င်လာတာပေါ့။ အဲဒီမှာ မီဒီယာတွေ ပြောပြောနေတဲ့ ကုမ္ပဏီကြီးတွေ သစ်ခုတ်ခွင့်ရတယ်။ အဲဒီတော့ အခု သစ်တောဦးစီးဌာနက ရွေးပေးတဲ့အပြင်ကို မြန်မာ့သစ်လုပ်ငန်းကပဲထုတ်ရင် လာမယ့်နှစ်မှာ ကုမ္ပဏီ သစ်တင်ကားတွေနဲ့ ကုမ္ပဏီသစ်ထုတ် ကားတွေ မမြင်ရတော့ဘူးဆိုတာ တစ်ခုဖြစ်တယ်။ ဒီဘက်မှာလည်း သစ်လုပ်ငန်းက ထုတ်လို့ရတဲ့ သုံးသိန်းပဲဖြစ်ဖြစ် အပြင်လူတွေ မပေးတော့ဘူးဆိုတော့ သစ်ထုတ်တာလည်း လျှော့ချင်တယ်။ ကိုယ့်အင်အားနဲ့ပဲ ကိုယ်ထုတ်တော့မယ်ဆိုတော့ ပိုပြီးတော့ မကောင်းပေဘူးလား။ ၀န်ကြီးကတော့ သစ်ခုတ်ခွင့် ပြင်ပလုပ်ငန်းရှင်တွေကို လုံးဝမပေးတော့ဘူး။ မြန်မာ့သစ်လုပ်ငန်းမှာရှိတဲ့ အင်အားနဲ့ သုံးသိန်း ထုတ်မလား၊ ငါးသိန်းထုတ်မလား။ အဲဒါဆို ရင်တော့ AAC (နှစ်စဉ်ခွင့်ပြုတောထွက်) ထက် လျော့နေသေးတယ်။ သစ်တောဦးစီးဌာနကတော့ သစ်ထုတ်လုပ်မှုကို လုံးလုံးပိတ်ချင်တာ။ မပိတ်နိုင်ရင် လျှော့ထုတ်ချင်တာ။ အဲဒါကို အစိုးရအဖွဲ့ တင်ပြထားတာ” ဟု ဦးကျော်ကျော်လွင်က ဆိုသည်။
မြန်မာ့သစ်လုပ်ငန်း အနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများကို သစ်ခုတ်ခွင့်ချပေးခဲ့ကာ အဆိုပါ ကုမ္ပဏီများသည် သစ်အလွန်အကျွံခုတ်မှု အတွက် တာဝန်ရှိသည့် ယခင်စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများဖြစ်ပြီး ထပ်မံ၍ အစိုးရက ပုဂ္ဂလိက သစ်ကုမ္ပဏီများ၏ သစ်ခုတ်ခွင့်ကို တားမြစ်မည့် ကြေညာချက် ထုတ်ပြန်ရန် ရှိသည်ဟု EIA ထုတ်ပြန်ချက်အရ သိရသည်။
နယ်စပ်သစ်ကုန်သွယ်မှု ခေတ္တရပ်ဆိုင်း ပြီးနောက် တရုတ်နိုင်ငံသို့ သစ်တင်သွင်းမှု ထိုးကျသွားသော်လည်း တရားမ၀င် တင်သွင်းမှုရှိနေဆဲ ဖြစ်ရပ်အပေါ် မေးမြန်းရာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနများမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ အဆင့် ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် ဆွေးနွေးမှုအပြီး ဒီဇင်ဘာ ၃၁ ရက်အထိ တရုတ်နိုင်ငံသို့ တရားမ၀င် သစ်တင်သွင်းမှု ရပ်ဆိုင်းထားရန် ဆွေးနွေးခဲ့မှု မှာ လက်ရှိအချိန်အထိ အသက်ဝင်နေဆဲဖြစ် ကြောင်းနှင့် မြန်မာနိုင်ငံမှသစ်များကို တရုတ်နိုင်ငံဘက်သို့ တရားမ၀င် တင်သွင်းရာ၌ ယူနန် ပြည်နယ်ဘက်တွင် အခွန်ကောက်ခြင်းဖြင့် တရုတ်နိုင်ငံဘက်တွင် တရားဝင်သစ်တင်သွင်းမှု ဖြစ်သွားခြင်းကို ရပ်ဆိုင်းလိုက်သည့်အတွက် အသက်ဝင်နေခြင်းဖြစ်ကြောင်း ဦးကျော်ကျော်လွင်က ဆိုသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment